ကချင်ပြည်နယ်ကို အနာဂတ် အလင်းတန်းက သိန်း တစ်ထောင်လှူဒါန်း
2016.07.26

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ကမ္ဘောဇအနာဂါတ် အလင်း တန်းမြန်မာဖောင်ဒေးရှင်းက ကချင်ပြည်နယ် အစိုးရကို ငွေကျပ်သိန်းတစ်ထောင် ဒီကနေ့ လှူဒါန်းခဲ့ပါတယ်။
အလှူငွေတွေကို အမှန်တကယ်ဒုက္ခရောက်ပြီး အရေးပေါ်အကူအညီလိုအပ်နေသူတွေအတွက် စိစစ်ပြီး သုံးစွဲသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အလှူငွေပေးအပ်ပွဲအခမ်းအနား မှာ ပြောပါတယ်။
"သဘာဝဘေး၊ လက်နက်ကိုင် ပဋိပက္ခဘေးစတဲ့ ဘေးအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသည် စခန်းတွေ ရှိပါတယ်၊ သူတို့ဟာအမြဲပဲ အကူအညီလိုအပ်နေသူများဖြစ်ပါတယ်၊ ဒီလူတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ဒုက္ခရောက်နေသူတွေ၊ အရေးပေါ်အကူအညီ လိုအပ်နေသူတွေ အတွက်သာ စိစိစစ်စစ် အကျိုးရှိစွာ အများသဘောတူ ဆုံးဖြတ်သုံးစွဲသွားမှာဖြစ်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်"
ကချင်ပြည်နယ်မှာ မနှစ်က ရေကြီးမြေပြိုမှုတွေဖြစ်ပွားခဲ့ချိန်က ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာနဲ့ အခြား လူမှုကူညီရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီအခါမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ပြီး ဝေးလံတဲ့ ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိ ဖို့ နှောင့်နှေးမှုတွေရှိခဲ့တာကြောင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်း တွေမှာ အသုံးပြုနိုင်ဖို့ လှူဒါန်းတာဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ်ခွဲ တာဝန်ခံ ဒေါ်ယဉ်ယဉ်မာ က ပြောပါတယ်။
အခုလှူဒါန်းတဲ့ ငွေပမာဏ ဟာ အစိုးရအသစ်လက်ထက်မှာ အများဆုံးလက်ခံရရှိတဲ့ အလှူငွေ ဖြစ်ကြောင်း နဲ့ နောင်မှာလည်း ဆက်လက်လှူဒါန်းဖို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။