ဗိုလ်တထောင် KBZ ဘဏ် ဓားပြတိုက်မှု ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းထိပ် Urban Asia Center က ကမ္ဘောဇဘဏ် (KBZ) ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့ပါ ဖမ်းမိတယ်လို့ အောက်တိုဘာလ ၂၇ ရက် မနေ့မှာပဲ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
အဲဒီ KBZ ဘဏ်ကို အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်မှာ လူလေးဦးက ဓားပြဝင်တိုက်ခဲ့တာဖြစ်ပြီး လက်ကိုင်ဖုန်း ငါးလုံးနဲ့ ငွေကျပ်သိန်း ၃၀၀၀ ခန့် ယူဆောင်သွားတာ ဖြစ်ပါတယ်။
ဓားပြတိုက်ရာမှာပါဝင်တဲ့ ကားနဲ့ ယာဉ်မောင်းအပါအဝင် ဓားပြတိုက်မှုနဲ့ပတ်သက်တယ်ဆိုတဲ့ လူ ၁၂ ဦးကို ငွေသားတွေအပြင် သေနတ်၊ လက်လုပ်မိုင်း၊ ကျည်ဆံတွေနဲ့ပါ ဖမ်းမိတာလို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမိတယ်ဆိုတဲ့အထဲမှာ ငွေကျပ် သိန်း ၂၁၄၃ သိန်းကို လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နာမည်ကျော် မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်ပိုင်ရှင်လည်း ပါဝင်သလို ဓားပြတိုက်မှုမှာ ကိုယ်တိုင်ပါဝင်ပြီး ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူရွှင်တော်တစ်ဦးလည်း ပါဝင်ပါတယ်။
ဘဏ်ဓားပြတိုက်ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီးတစ်ဦးကို CZ 75 D အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်သုံးတောင့်၊ လက်လုပ်မိုင်းသုံးလုံး၊ မော်တော်ယာဉ်နှစ်စီး၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီးအပြင် ငွေကျပ် ၂၈၁၄ သိန်းကိုပါ ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။