ကျမ်းစာသင်တန်းမှူးအမှု ပွင့်လင်းမြင်သာဖို့ တောင်းဆို

အဲလိဇဘက်
2019.10.24
kbc-press-622.jpg မူးယစ်ဆေးဖြတ် သမ္မာကျမ်းစာသင်တန်းကျောင်း စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာဆိုင်းအောင် ကို အမှုဖွင့်တာနဲ့ပတ်သက်ပြီး KBC မြစ်ကြီးနားဇုံနယ်အဖွဲ့ချုပ်ရုံးမှာ ၂၀၁၉ အောက်တိုဘာ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Elizabeth/RFA

မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာက မူးယစ်ဆေးဖြတ် သမ္မာကျမ်းစာသင်တန်းကျောင်း စည်းကမ်းထိန်း သိမ်းရေးမှူးကို စကားပြောစက်တွေ့လို့  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ အမှုဖွင့် ထားတာကိုအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာချပြပေးဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူး ဆရာဆိုင်းအောင်ကို အမှုဖွင့်တာနဲ့ ပတ်သက် ပြီး  Kachin Baptist Convention (KBC) မြစ်ကြီးနားဇုံနယ်အဖွဲ့ချုပ်ရုံးမှာ ဒီမနက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ကြတာပါ။

အောက်တိုဘာ ၁၀ ရက်နေ့တုန်းက ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ တောင်းဆိုခဲ့ပေမယ့် ဒီနေ့ချိန်ထိ အကြောင်းပြန်တာမရှိသေးဘူးလို့ သိက္ခာတော်ရ ဆရာလဆီနော်ဘောက် ကပြောပါတယ်။

စက်တင်ဘာ၂၆ရက်နေ့က နယ်ထိန်းဒုရဲအုပ်ညီညီလင်း က တရားလိုပြုလုပ်ပြီး ကျေးရွာနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတာပါ။ ရဲဘက်ကပေးတဲ့ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက်၊ ဒီနေ့အချိန်ထိ တရားရုံးက ဆင့်ခေါ်စာတွေ မရှိသေးဘူး လို့ ဆရာ လဆီနော်ဘောက် က ပြောပါတယ်။

သမ္မာကျမ်းစာသင်တန်းကျောင်းကို စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် လူအင်အား ၂၀ ဝန်းကျင်နဲ့ ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ပြီးနောက်၊ ကျောင်းမှာအသုံးပြုနေတဲ့ စကားပြောစက် walkie-talkie ငါးလုံးကို သိမ်းယူသွားတယ်လို့ ဆရာ ဆိုင်းအောင် ကပြောပါတယ်။ မြစ်ကြီးနားရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုး ကတော့ တားမြစ်စက်ပစ္စည်းကို တွေ့ရှိလို့ အမှုဖွင့်ရတာဖြစ်တယ်လို့ RFA ကို အောက်တိုဘာ ၂ ရက်နေ့တုန်းက ပြောဆိုထားပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ လိုင်စင်ရယူပြီးမှ အသုံးပြုဖို့သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်းကို လိုင်စင်မဲ့ကိုင်ဆောင်နေတာ သို့မဟုတ် အသုံးပြုတာပေါ်လွင်ရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဖြတ်သမ္မာကျမ်းစာ သင်တန်းကျောင်းကို  မော်ဖောင်းနှစ်ခြင်းအသင်းတော်က အခြေပြုပြီး ကိုယ်ထူ ကိုယ်ထနဲ့ အသင်းသားတွေက စုပေါင်းဖွင့်လှစ်ထားတာပါ။ ဆေးစွဲသူတွေကို ဘာသာတရားနဲ့ အကျင့်စာရိတ္တ ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ထိန်းသိမ်းပေးတဲ့ကျောင်းတစ်ခုဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကနေ စတင်ဖွင့်လှစ်ထား တာပါ။ ကျောင်းမှာသင်တန်းသားဦးရေ တစ်ထောင်ကျော်ရှိပြီး လက်ရှိသင်တန်းမှာ သင်တန်းသားဦးရေတစ်ရာကျော် တက်ရောက်နေပါတယ်။

လမ်းလျှောက်စကားပြောစက်တွေကို လုံခြုံရေးနဲ့ ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေပဲ အသုံးပြုလေ့ရှိပါတယ်။ ဝန်ထမ်းအင်အားများတဲ့ ဟိုတယ်တွေမှာ သုံးကြသလို အခမ်းအနားပြင်ဆင်တဲ့အခါမှာလည်း အလုပ်သမားတွေ လည်း သုံးကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။