KBC ဥက္ကဋ္ဌကို အရေးယူဖို့ တပ်မတော် လျှောက်ထား
2019.08.28

မြန်မာနိုင်ငံမှာ စစ်တပ်က ဘာသာရေးဖိနှိပ်မှုတွေရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ပြောဆိုခဲ့မှုကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်က မြစ်ကြီးနားမြို့နယ်တရားရုံးမှာ မနေ့က လျှောက်ထားခဲ့ပါတယ်။
မြန်မာအပါအဝင် နိုင်ငံ ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ်မှု ကြုံခဲ့ရသူတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တေ့ွဆုံပွဲမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်သင်းအုပ်ဆရာ နှစ်ဦးနဲ့အတူ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့အကြောင်း ပြောခဲ့သူဖြစ်ပါတယ်။
အဲဒီပြောကြားချက်တွေကို World News Now Facebook Page မှာ ဖော်ပြထားတာကို တေ့ွရှိရတဲ့အတွက် အရေးယူပေးဖို့ဆိုပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနားမြို့နယ်တရားရုံးကို မနေ့က လျှောက်ထားခဲ့တာပါ။
အခုချိန်ထိတော့ တရားရုံးက သူ့ကိုအကြောင်းကြားလာတာ မရှိသေးဘူးလို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကို ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ပြောခဲ့တာတွေဟာ စစ်တပ်အပေါ် မုန်းတီးဆန့်ကျင်တဲ့စိတ်နဲ့မဟုတ်ဘူးလို့လည်း ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကို တစ်မိနစ်နီးပါး ပြောကြားခဲ့တဲ့အထဲမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကမြန်မာနိုင်ငံမှာ ခရစ်ယာန်တွေကို တပ်မတော်က ရက်ရက်စက်စက် ဖိနှိပ်မှုတွေရှိနေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာကိုးကွယ်ဖို့ အခွင့်အရေးမရကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မြန်မာအစိုးရစစ်တပ်ကို ခုခံတိုက်ခိုက်နေကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ လူနည်းစုတိုင်းရင်းသားခေါင်းဆောင်တွေကို ဦးစားပေးပြီး ဒီမိုကရေစီဖက်ဒရယ်စနစ် အောင်မြင်ရေး အကူအညီပေးဖို့ အရေးကြီးကြောင်း၊ အဲဒီတေ့ွဆုံမှုမတိုင်ခင် ရက်ပိုင်းမှာ အမေရိကန်အစိုးရက မြန်မာစစ်တပ်ခေါင်းဆောင်တချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း - အချက်(၅)ချက် ပါဝင်ပါတယ်။
မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ အစိုးရရဲ့ တုံ့ပြန်ချက်ကို ရရှိဖို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်းကို RFA က မေးမြန်းရာမှာ ဒီကိစ္စကို သူ့အနေနဲ့ သေချာမသိတဲ့အတွက် မဖြေနိုင်ဘူးလို့ ပြောပါတယ်။
လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်အနေနဲ့ ဘယ်လိုပြောဆိုခဲ့တယ်ဆိုတာ မသိတဲ့အတွက် ဒီအပေါ်မှာ တစ်စုံတရာ မှတ်ချက်မပေးလိုဘူးလို့ RFA ကို ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တပ်မတော်က တရားစွဲဆိုဖို့ ကြိုးစားတာနဲ့ပတ်သက်လို့ တရားရုံးမှာ သက်သေခိုင်ခိုင်မာမာနဲ့ ပြန်လည်ဖြေရှင်းခွင့်ရှိတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
ဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အသေအချာမသိဘူးလို့ ပြောပါတယ်။
တပ်မတော်က တရားစွဲဆိုရတာနဲ့ပတ်သက်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ထွန်းနေလင်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ စိန့်မိုင်ကယ် ကက်သလစ် ဘုရားကျောင်းနဲ့ ဦးကျေး ဂျာမေ့ဗလီတွေကို သြဂုတ် ၂၅ ရက်နေ့က ကိုယ်တိုင်သွားရောက်ပြီး ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့တွေ နဲ့ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့တွေအတွက် အလှူငွေ ကျပ် သိန်း ၃၀ နဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တွေကို လှူဒါန်းခဲ့တာရှိပါတယ်။
တရားရုံးကိုလျှောက်ထားတာဖြစ်တဲ့အတွက် ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမလဲဆိုတာ တိုင်ကြားတဲ့ ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်ကို စစ်ချက်ရယူပြီးမှ တရားရုံးက ဆုံးဖြတ်ချက်ချရမှာပါ။
တပ်မတော်က ဒေါက်တာ ခလမ်ဆမ်ဆွန် ကို အရေးယူပေးဖို့ လျှောက်ထားတာနဲ့ပတ်သက်လို့ ဒေသခံ ကချင်ပါတီခေါင်းဆောင်တွေနဲ့ ကချင်တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ကန့်ကွက်ကြပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်ရဲ့လျှောက်ထားမှုအပေါ် မြစ်ကြီးနားမြို့နယ်တရားရုံးက လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။
(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)