ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာ

RFA Burmese
2024.07.23
ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့က ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာစဉ်။
KBC

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“မနေ့က မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ လွတ်လာပြီ။ ဒီတိုင်းပဲ ပြန်လွှတ်လိုက်တာ ဟုတ်တယ်။ အခုက နေအိမ်မှာ နေနေတယ်၊ ကျန်းမာရေးလည်းကောင်းပါတယ်”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီတပ်က စတင် ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ် ချမှတ်ခံရပြီးနောက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် သုံးလအကျော်မှာ အခုလို လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၇၈၀ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၃၅၂ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။