ကရင်ပြည်နယ် အစိုးရအဖွဲ့မှာ ပညာရှင်တွေပါမည်


2016.03.25
nankhinhtwemyint-620.jpg ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့် ကို မတ်လ ၂၅ ရက်နေ့က ကရင်ပြည်နယ် လွှတ်တော်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် အစိုးရအဖွဲ့ကို အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေအပြင် တခြားပါတီက ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဒီနေ့ ဘားအံမြို့မှာ ကျင်းပတဲ့ ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေးအပြီးမှာ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေး နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်နန်းခင်ထွေးမြင့် က ပြောတာဖြစ်ပါတယ်။

"အန်တီတို့ ရင်ကြားစေ့ရေးလေ၊ တခြားပါတီတွေကလည်း ပါပါတယ်၊ ပြင်ပပညာရှင်တွေလည်း ပါပါတယ်၊ အဲ့ဒီဝန်ကြီးဌာနတွေကို အန်တီတို့ ၃ဝ ရက်နေ့မှ ပေးမယ်လို့ ပြောမယ်လို့ ပြောထားတယ်ဆိုတော့လေ၊ အဲ့ဒီ ၃ဝ ရက်နေ့လောက်မှ သိရမယ်၊ အတိအကျတော့ မပြောနိုင်သေးဘူး"

လာမယ့် မတ်လ၂၈ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းကို လွှတ်တော်မှာ တင်သွင်းမှာဖြစ် ပြီး ဒေါ်နန်းခင်ထွေးမြင့်ဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူလို့ သတင်းတွေထွက်နေပါတယ်။

ကရင်ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီက ၃ ဦး၊ ကရင်ပြည်သူ့ပါတီက ၁ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၆ ဦး ရှိပါတယ်။

လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောဝင်းထိန်ဟာ ဖာပွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည်အနိုင်ရရှိထားတဲ့အတွက် ဒီနေ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။