စစ်ဘေးသင့် ရှမ်းပြည်သူတွေ အတွက် ကယားလူငယ်တွေ အလှူခံလှုပ်ရှား
2015.11.21

ရှမ်းပြည်နယ်ထဲက စစ်ဘေးသင့်ပြည်သူတွေအတွက် ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းမျိုးဆက်သစ် လူငယ်နဲ့ကယားပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ဒီမော်ဆိုမြို့၊ မြို့မဈေးမှာ ဒီကနေ့ အလှူခံခဲ့ကြပါတယ်။
အခုလိုက်လံကောက်ခံရရှိလာတဲ့ အလှူငွေတွေကို ရှမ်းပြည်စစ်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ် တယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်ရဲမင်းကျော်က RFA ကို ပြောပါတယ်။
"အခုအချိန်မှာ စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေအများကြီးရှိတာပဲနော်၊ အခုလက်ရှိဖြစ်နေတာတော့ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်နေတယ်ပေါ့နော်၊ ဆိုတော့ ကျနော်တို့အလှူခံမှာ ရှမ်းပြည်နယ်တဝိုက်လုံး၊ တစ်နိုင်ငံလုံး မှာစစ်တွေဖြစ်ကြတယ် ဒါတော့ ကျနော်တို့ ရှုတ်ချတယ်၊ ရှုတ်ချတဲ့အနေနဲ့ ဒီလှုပ်ရှားမှုတွေလုပ်ခဲ့တယ်ပေါ့နော် ၊ နောက်တစ်ခုက အခုချိန်မှာရတဲ့အလှူငွေလေးတွေ ကျနော်တို့ တက်နိုင်သမျှ အလှူခံကြတယ်၊ ကျနော်တို့နဲ့ ကယားပြည်နယ်မှာ အနီးစပ်ဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ကို ကျနော်တို့က ပေးလှူသွားမှာပေါ့နော်"
မနေ့ကလည်း လွိုင်ကော်မြို့မှာ အလှူငွေတွေ လိုက်လံကောက်ခံခဲ့ပါတယ်။
သူတို့အဖွဲ့အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ စတဲ့မြို့တွေမှာ အလှူငွေဆက်လက် ကောက်ခံသွား မှာဖြစ်ပြီး ရှမ်းပြည်စစ်ဘေးသင့် ပြည်သူတွေဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် မိုင်းရှုးဘက်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ တာ တစ်လကျော်ကြာခဲ့ပြီး အနီးပတ်ဝန်းကျင်က ဒေသခံတစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။