ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၇၀၀ ကျော်ရှိလာ
2025.01.02

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသတွေမှာ အာဏာသိမ်းကာလ လေးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်အမှု အကြိမ်ရေ ၁၇၆၅ ကြိမ်အထိ လုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၁၈၂ ကြိမ်၊ ၂၀၂၃ ခုနှစ်မှာ အကြိမ်ရေ ရှစ်ရာနဲ့ ၂၀၂၄ ခုနှစ်မှာ ၇၈၁ ကြိမ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ် အနောက်ခြမ်းက ဆင်စခန်း စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းအသုံးပြု တိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့်လည်း ဘာသာရေး အဆောက်အအုံ ၅၄ ခု၊ စာသင်ကျောင်း ၂၆ ခု၊ ဆေးရုံ၊ ဆေးခန်း ၁၆ ခုနဲ့ နေအိမ် ၂၈၆၆ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၅၃၆ ဦး သေဆုံးပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူက ၁၇၃ ဦး ရှိတယ်လို့ PKPF က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။