ကော့ကရိတ် - မြဝတီ အာရှလမ်းပေါ်က ကော့နွဲတံတား ကျိုးကျပျက်စီး
2023.12.17

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်က ကော့နွဲရွာ ချောင်းကူးတံတားဟာ ဒီဇင်ဘာ ၁၆ ရက်မနေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံရပြီး ကျိုးကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ ကော့ကရိတ်မြို့ပေါ်နဲ့ အာရှလမ်းရှိပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာပါ။
ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး မနေ့ကညပိုင်းမှာတော့ ကော့နွဲချောင်းကူးတံတား ကျိုးကျပျက်စီးသွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဖောက်ခွဲဖျက်ဆီးခံရတာတဲ့။ တချို့ကလည်း လက်နက်ကြီးထိတယ်လို့ ပြောကြတယ်။ အဲလမ်းပိုင်းမှာက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားနိုင်ပြီလေ။ သူတို့ စိုးမိုးထားတာကို ဖျက်ဆီးစရာအကြောင်းမှ မရှိတာ။ ဟိုဘက်က လှမ်းပစ်တဲ့အချိန် လက်နက်ကြီး မှန်တယ်လို့ ပြောနေကြတယ်။ အဲလမ်းပိုင်းက တိုက်ပွဲဖြစ်ကတည်းက လမ်းကြောင်းက ပိတ်ထားတော့ သွားမရဘူး။ နဘူး - ထော့ကော်ကိုးလမ်းဘက်နေပဲ သွားနေကြတယ်။ အဲမှာက တိုက်ပွဲမရှိဘူးတဲ့။ ဒီနေ့တော့ တံတားကျိုးဂိတ်ဖွင့်ပေးတော့ ကော့ကရိတ် မြို့ထဲကို ပစ္စည်းတွေ ဝင်ယူတာတွေတော့ရှိတယ်။ ၁၂ နာရီလောက်မှာတော့ မြို့ထဲကို လက်နက်ကြီးလား မသိဘူး။ အကျယ်ကြီး ကျတာကြားတယ်”
တံတားကျိုးကျမှု အခြေအနေနဲ့ တိုက်ပွဲအခြေအနေကိုသိရဖို့ ကော့ကရိတ်မြို့နဲ့ အာရှလမ်းတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်နေတဲ့ နဂါးဖြူစစ်ကြောင်းကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခြေအနေကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
နဂါးဖြူစစ်ကြောင်းရဲ့ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သလို ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှ လမ်းမကြီးကိုလည်း ထိန်းသိမ်းထားနိုင်ပြီး နယ်မြေစိုးမိုးမှုအတွက် ဆက်ပြီးလုပ်ဆောင် နေတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ ကော့နွဲတံတား ကျိုးသွားတာမှန်ကန်ပြီး ဘယ်အဖွဲ့အစည်းက ဖောက်ခွဲဖျက်ဆီးတယ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
“ဘယ်အဖွဲ့အစည်းက လုပ်တယ်တော့ မသိဘူး။ တံတားကြီးက နိမ့်ကျသွားတယ်ပေါ့။ မနေ့က ညနေပိုင်း ကျိုးတာပေါ့။ သတင်းကြားတယ်။ ဒါပေမဲ့ အရင်ကတည်းက အဲနေရာမှာ သွားလို့မရတဲ့ အခါကျတော့ အာရှလမ်းမကြီးမှာကလည်း PDF တို့၊ KNU တို့ ပိတ်ထားတာကို။ မနေ့ကတည်းက သတင်းကြားတော့ တပ်ကို မေးကြည့်တယ်။ သူတို့လည်း အတည်မပြုနိုင်သေးဘူးပေါ့။ သတင်းအတိအကျရဖို့က အခက်အခဲရှိနေ တာကို။ နောက်တစ်ခုက ကော့နွဲတစ်ဝိုက်၊ ကော့ကရိတ်မှာကလည်း တိုက်ပွဲတွေဖြစ်နေ တာဆိုတော့။ ပုံတွေအရ မိုင်းခွဲခံရတယ်လို့တော့ ယူဆတာပေါ့။ PDF တို့၊ KNU တို့က လက်ရှိ အာရှလမ်းတစ်ဝိုက်ကို စိုးမိုးထားတာကို။ သူတို့အဖွဲ့ပဲလို့ ထင်တာပေါ့”
လက်ရှိမှာလည်း ကော့ကရိတ်နဲ့ အာရှလမ်းမတစ်လျှောက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကော့ကရိတ်မြို့ပေါ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု လေးထောင်ကျော်၊ လူဦးရေ နှစ်သောင်းခန့်ဟာ လှိုင်းဘွဲ့နဲ့ ဘားအံမြို့နယ်မှာ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအိမ်ထောင်စုတွေအတွက် တစ်အိမ်ထောင်ကို ဆန်ရှစ်ပြည်၊ ဆီတစ်လီတာနဲ့ ခေါက်ဆွဲခြောက်တွေ ထောက်ပံ့ပေးထားတယ်လို့ ဦးစောခင်မောင်မြင့်က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်ကို ကူညီပေးနေသူတွေရဲ့ စာရင်းတွေအရ တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အနီးက ရွာ ၂၄ ရွာနဲ့ မြို့ပေါ်ရပ်ကွက်ခုနစ်ခုက ဒေသခံ သုံးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။