ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံ ၃ဝဝ ထိုင်းဘက်ထွက်ပြေး

RFA Burmese
2023.09.21
ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံ ၃ဝဝ ထိုင်းဘက်ထွက်ပြေး ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသည့် ကော့သောင်းမြို့နယ်က ဒေသခံများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်။
The Tanintharyi Times

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မလိဝမ်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်နေတာကြောင့် ထိုင်းဘက်ကို ဒေသခံတွေ စက်တင်ဘာ ၂၀ ရက်နေ့ကတည်းက စပြီးထွက်ပြေးနေကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စက်တင်ဘာ ၂၀ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်တာ၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ကျေးရွာထဲ ဝင်လာတယ်၊ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တယ်၊ ချောင်းဝရွာနားက ဥယျာဉ်ထဲ လက်နက်ကြီးကျတာကြောင့် တစ်ယောက်သေတယ်လို့ ကြားရတယ်၊ အခု မလိဝမ်း၊ ချောင်းဝနဲ့ အနီးအနားက ဥယျာဉ်ခြံတွေထဲ နေထိုင်တဲ့သူတွေ ထိုင်းဘက်ကို ထွက်ပြေးနေရတယ်"

စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေဟာ ပါချန်မြစ်ထဲကနေ စစ်ရေယာဉ်တွေနဲ့ လည်ပတ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ဥယျာဉ်ထဲမှာလုပ်ကိုင်နေတဲ့ အသက် ၆၀ ကျော် ဦးခင်မြင့် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ် မလိဝမ်းကျေးရွာတစ်ဝိုက်မှာ ကုန်းလမ်း၊ ရေလမ်းနဲ့ပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ သူတို့ကို ထိုင်းအစိုးရနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက စားသောက်ဖို့ ကူညီပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအကြောင်းနဲ့ ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတဲ့အခြေအနေကို တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မလိဝမ်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေ ထိုင်းဘက် ယာယီတိမ်းရှောင်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။