ဝမ်းရောဂါကူးစက်မှု ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့ ထိုင်းဒုဝန်ကြီးချုပ်ပြော
2024.12.24

မြန်မာနိုင်ငံမှာ ဝမ်းရောဂါကူးစက်မှုတွေ ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်က ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဖော်ပြပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး နယ်စပ်မှာ တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေ ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးအပြီးမှာ ဝဲချ ရာချိုင်က ပြောပါတယ်။
နယ်စပ်တစ်လျှောက်မှာ စစ်ဆေးရေးဂိတ်နဲ့ သီးခြားစောင့်ကြည့်တဲ့နေရာတွေ ထားရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဝမ်းရောဂါကူးစက်လာမှုကို တားဆီးဖို့အတွက် အနည်းဆုံး တစ်လ စောင့်ကြည့်သွားမယ်လို့လည်း ဆိုပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ဝမ်းရောဂါအန္တရာယ် အသိပညာပေးရေးနဲ့ သန့်ရှင်းမှုအတွက် နှာခေါင်းစည်း၊ လက်အိတ်ဝေငှတာတွေ ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုမြို့မှာ လူသုံးရာခန့် ဝမ်းရောဂါကူးစက်ခံရပြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
တာ့ခ်ခရိုင်၊ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာလည်း ဝမ်းရောဂါကူးစက်ခံရတာကြောင့် မဲဆောက်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူခဲ့ရပြီး နှစ်ဦးကတော့ ဆေးရုံက ဆင်းသွားပြီလို့ ဆိုပါတယ်။