ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နား
2025.01.28
အမေရိကန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ထားတဲ့ ဆေးရုံတွေ ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ကျန်းမာရေးစောက်ရှောက်မှုတွေ ရပ်လိုက်တဲ့အပြင် ဆေးရုံမှာရှိတဲ့ လူနာတွေကို ပြန်လွှတ်နေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးသူတွေက ပြောပါတယ်။
ဒုက္ခသည်စခန်းမှာရှိတဲ့ ဆေးရုံတွေပိတ်ကုန်ပြီလို့ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒါက တကယ်အဖြစ်အပျက်အမှန်ပါ၊ ဒုက္ခသည်တွေထဲမှာရှိတဲ့ ဆေးရုံတွေအကုန်လုံး ရပ်တန့်လိုက်တာပေါ့နော်၊ ဆေးရုံတက်နေတဲ့ လူနာတွေအကုန်လုံး ဆေးရုံဆင်းလိုက်ရတဲ့ အခြေအနေမှာ ရှိနေတာပေါ့"
အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတကာအကူအညီတွေ ရပ်ဆိုင်းဖို့ လက်မှတ်ထိုး အမိန့်ထုတ်လိုက်တာကြောင့် ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နားသွားတာလို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆေးရုံတွေပိတ်လိုက်တဲ့အခြေအနေတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးတာတွေ ရပ်တန့်လိုက်တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ကရင်ဒုက္ခသည်များ ကော်မတီ (KRC) တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ဆက်သွယ်လို့ မရသေးပါဘူး။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို International Rescue Committee (IRC) က ထောက်ပံ့ပေးနေတဲ့ ကျန်းမာရေးအပါအဝင် ကဏ္ဍသုံးခုကို ဇန်ဝါရီလကုန်ကစပြီး လုံးဝ ရပ်စဲသွားမယ်လို့ KRC အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသတင်းဌာနကို ဖြေဆိုထားပါတယ်။
ဒီဒုက္ခသည်စခန်းတွေမှာ IRC က ထောက်ပံ့ပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အမှိုက်သိမ်းစနစ်နဲ့ သောက်သုံးရေရရှိရေး စတာတွေကို ရက် ၉၀ အတွင်း ကိုယ်ထူကိုယ်ထပုံစံနဲ့ လည်ပတ်ရမယ်လို့လည်း ပြောထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နဲ့ အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်း ကိုးခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး ခိုလှုံနေတယ်လို့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) စာရင်းတွေအရ သိရပါတယ်။