ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ် ပြန်သိမ်း

RFA Burmese
2024.04.26
ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ် ပြန်သိမ်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းအား ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Screenshot: Lion Battalion Commando-ဗျူဟာစစ်ကြောင်း - Telegram Video

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက တစ်လအကြာသိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ချောင်း၀ဘက်က သင်္ဘောနဲ့ ရေကြောင်းကနေ ဝင်လာတယ်။ လက်နက်ကြီးက တစ်ချက်ပဲ ပစ်ပြီးတော့ သူတို့ဝင်လာတယ်။ မနက် ငါးနာရီခွဲ၊ ခြောက်နာရီလောက်ပဲ မိုးလင်းနေပြီ။ လက်ထဲ သေနတ်တွေကိုင်ပြီး သေနတ်တွေနဲ့ လျှောက်ပစ်ပြီး ဝင်လာတယ်။ အဲဒီလို လျှောက်ပစ်ခတ်တာကြောင့် အသက် ၂၂ နှစ်အရွယ် မွန်အမျိုးသမီးတစ်ဦး သေဆုံးတယ်”

လက်ရှိမှာ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်နေတာကြောင့် ကော့ဘိန်းရွာ အပါအဝင် အနီးတစ်၀ိုက် ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာမှာ ဘယ်သူမှ မရှိတော့ဘူး ထွက်ပြေးကုန်ပြီ။ တစ်ရွာတည်းမဟုတ်ဘူး။ ရွာအများကြီးပဲ စစ်ရှောင်နေရတယ်။ အခုအရမ်းဒုက္ခရောက်တယ်။ ကလေးတစ်ဖက်နဲ့။ တချို့ကတော့ ကရင်ပြည်နယ်ဘက်၊ တချို့ကတော့ မွန်ပြည်နယ် မော်လမြိုင်ဘက်ကို ပြေးကုန်တယ်။ ကျွန်မကတော့ အဝေးကြီးမပြေးနိုင်ဘူး။ ဒီအနီးအနားက ရွာမှာပဲ ရှောင်ပြေးနေရတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကော့ဘိန်းရဲစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့တာပါ။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကော့ဘိန်း၊ ဓမ္မသ၊ သံကလောင်၊ တရနာ ၊ ကော့ပလိုင် စတဲ့ ရွာတွေက ဒေသခံတွေ မော်လမြိုင်မြို့ပေါ်နဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကောဘိန်းရွာဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရုံးစိုက်ရာ မော်လမြိုင်မြို့နယ် မိုင် ၂၀ ခန့်သာဝေးပြီး ကျိုက်မရော-မော်လမြိုင်-ကော့ကရိတ်မြို့တွေကိုသွားတဲ့ ကားလမ်းကြောင်းနဲ့ ဂျိုင်းမြစ်ကမ်းဘေးမှာတည်ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာ ကျတဲ့နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။