ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီ ပြော

RFA Burmese
2024.04.29
ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီ ပြော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
ဒေါနခရီးသွား

တစ်လနီးပါးအကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီး ဧပြီလ ၂၇ ရက်နေ့အထိ မြို့ပေါ်က စစ်ဘေးဒုက္ခသည် ခြောက်ရာနီးပါး နေရပ်ပြန်ရောက်လာတယ်လို့ စစ်ကောင်စီက ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့ကစလို့ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲကိုးကြိမ်ဖြစ်ခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ ကော့ကရိတ်ကို ပြန်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ကော့ကရိတ်မြို့က အပျက်အစီးတွေကို ပြန်လည်ရှင်းလင်းတာနဲ့ ဒေသခံတွေ ဘေးကင်းရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်နေတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် မြေပြင်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ဧပြီလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆုတ်ခွာပေး ခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီဘက်က အပြင်းအထန်ထိုးစစ်ဆင်တယ်။ မီးလောင်ဗုံးတွေ၊ ဓာတုဗုံးတွေ အသုံးပြုတယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲဘော်တွေ ထိခိုက်မှုတွေရှိလာတယ်။ လက်နက်ပစ်ကူ၊ လေကြောင်းတွေကြောင့် ကော့ကရိတ်ကို ဆုတ်ခွာလိုက်တယ်။ မြဝတီဘက်ကိုသွားဖို့အတွက် သူတို့ဘက်က ဆက်ပြီး တိုးနေတယ်”

ကော့ကရိတ် အာရှလမ်းမနဲ့ မြဝတီ - ကော့ကရိတ်လမ်းဟောင်းတစ်လျှောက် လက်ရှိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က မြဝတီမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကော့ကရိတ်ကနေ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာပါ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တွေက တိုက်ခိုက်နေတာ သုံးလခန့်ကြာမြင့်လာချိန်မှာ မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်ပြီလို့ တောင်ပိုင်းတိုင်း စစ်ဒေသက ဖေဖော်ဝါရီလ ၂၆ က ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဧပြီလ ၅ ရက်နေ့အထိ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးအဖွဲ့တွေ ဆက်ပြီး ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။