ကော့ကရိတ်တိုက်ပွဲ ဆက်ဖြစ်နေပြီး အရပ်သား ၁၃ ဦးအထိ ဒဏ်ရာရ

RFA Burmese
2022.12.27
ကော့ကရိတ်တိုက်ပွဲ ဆက်ဖြစ်နေပြီး အရပ်သား ၁၃ ဦးအထိ ဒဏ်ရာရ KNLA တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Karen History

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား ဒီဇင်ဘာလ ၂၇ ရက် ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် သံဃာတစ်ပါးလည်း ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်က စတဲ့ ဒီတိုက်ပွဲဟာ မြို့ပေါ် လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲတွေက တောက်လျှောက်ပဲဖြစ်နေတာ။ ပွင့်လင်းရာသီစကတည်းက တိုက်ပွဲက ဖြစ်လာတာပဲလေ။ မနေ့က ငါးယောက်ဗျာ။ ဦးဇင်းတစ်ပါး ပျံလွန်တော်မူသွားတယ်။ အဲဒီအရှေ့ရက်မှာတော့ ရှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်"

ဒီဇင်ဘာလ ၂၆ ရက် မနေ့က သံဃာတစ်ပါးပျံလွန်တော်မူခဲ့သလို အရပ်သား ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ၂၄ ရက်ကတော့ ဒေသခံ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘားအံဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားထိခိုက်မှုတွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ KNLA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ထိခိုက်တာလို့ ဒီဇင်ဘာလ ၂၆ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီတိုက်ပွဲကြောင့် ကော့ကရိတ်မြို့ပေါ်မှာ လူအသွားအလာ မရှိသလောက် ဖြစ်နေပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်တွေအကြား ကရင်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းတွေ အတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ KNU ဗဟိုရဲ့စာရင်းတွေအရ အပြန်အလှန် ပစ်ခတ်မှုပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား၁၅၀ ကျော်သေဆုံးခဲ့ပြီး ၃၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။