ကော့ကရိတ်မြို့မှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦး အပါအဝင် ဒေသခံနှစ်ဦးသေဆုံး

2022.10.28
ကော့ကရိတ်မြို့မှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦး အပါအဝင် ဒေသခံနှစ်ဦးသေဆုံး KNLA ပူးပေါင်းအဖွဲ့နှင့် ကျားဖြူတပ်ခွဲ ၂ အဖွဲ့ တပ်ဖွဲ့ဝင် အချို့တို့ကို တွေ့ရစဉ်။
Photo: 96 soliders - PDF

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၇ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်တွေအကြား နှစ်ဖက်တိုက်ပွဲကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ခံတွေက RFA ကိုပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အမှတ်(၇) ရပ်ကွက်၊ တံတားဦး ဗလီအနောက်ဘက်က နေအိမ် တစ်လုံးအပေါ်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

“ မနေ့က မနက် ၁၀ နာရီလောက်ကဖြစ်တာ။ အမျိုးသမီးတစ်ဦးက နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦးက ထိခိုက်ဒဏ်ရာရ လို့ဆေးရုံပို့တယ်။ နောက်ကလေးတစ်ယောက်က ဆေးရုံမှာ ဆုံးတယ်လို့တော့ ကြားပါတယ်”

ထိခိုက်ဒဏ်ရာရသူတွေထဲ အသက် ၁၄ နှစ်ကနေ အသက် ၃၀ ဝန်းကျင်အရွယ်တွေ ပါဝင်တယ်လို့ သူကဆက် ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ(၆) ပူးပေါင်းအဖွဲ့က ကော့ကရိတ်မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ထိမှန်ခဲ့တာကြောင့် အဲဒီအရပ် သားနှစ်ဦး သေဆုံးခဲ့တာလို့ အောက်တိုဘာ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တောင်ပိုင်းကျားဖြူတပ်ခွဲ-၂ (96 SOILDERS-PDF) အဖွဲ့ ကတော့ ကော့ကရိတ် မြို့တွင်း တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီအခြေစိုက် ၉၇ စခန်းကို ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်က လက်နက်ကြီးပစ်ကူနဲ့ လေယာဉ်ပစ်ကူတွေအသုံးပြု ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေရှိခဲ့တယ်လို့ ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။