တိုက်ပွဲကြောင့် ဒေသခံ ၄၀၀ လောက် ထွက်ပြေး
2018.08.29

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကန်ကြီးနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅၊ အစိုးရ တပ်မတော် နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့အကြား ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကန်ညီနောင်ကျေးရွာသား ၄၀၀ လောက်ဟာ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။
တိုက်ပွဲဖြစ်ပြီး ရွာထဲမှာ KNU တပ်သားတွေရှိနေတာကြောင့် ထွက်ပြေးလာတာလို့ ကန်ညီနောင်ကျေးရွာသူ ဒေါ်ချို က ပြောပါတယ်။
"ဒီမှာ KNU နဲ့ တပ်မတော်နဲ့ ပစ်နေတော့လေ ရွာသားတွေက ထွက်ပြေးလာတယ်လေ၊ ရွာသားတွေ မနေရဲလို့ ထွက်ပြေးလာရတယ်၊ ဒီနေ့ပဲ ထွက်ပြေးလာတယ်၊ လူဦးရေ ၄ဝဝ လောက်ရှိတယ်"
အစိုးရတပ်မတော်နဲ့ KNU တပ်တွေဟာ မနေ့က တစ်ကြိမ်၊ ဒီနေ့မနက်ပိုင်းမှာ တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ KNU တပ်မဟာ ၅ ဆက်ဆံရေးတာဝန်ခံ စောအယ်ဒိုကတော့ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ KNU နယ်မြေထဲကို တပ်မတော်က ရောက်ရှိလာတာကြောင့် သတိပေးပစ်ခတ်တာလို့ ပြောပါတယ်။
ကန်ညီနောင်ရွာတဝိုက်မှာ KNU တပ်မဟာ ၅၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့ နဲ့ အစိုးရတပ်တို့ ရှိနေတယ်လို့ သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲကို ရောက်ရှိလာတဲ့ DKBA ခွဲထွက်အဖွဲ့ကို ရှင်းလင်းရေးလုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး စောအယ်ဒို က ပြောပါတယ်။
ရွာသားတွေဟာ မြိုင်ကြီးငူ မိုးစမ်းမြရပ်ကွက်ကို ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး လတ်တလောမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။