ကျောက်မီးသွေးသုံးစက်ရုံကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ဘားအံဒေသခံတို့ ပြုလုပ်
2020.01.17

မြိုင်ကလေးစက်ရုံကြောင့် နောက်ဆက်တွဲဆိုးကျိုးဝေးဖို့ ဒေသခံတွေ ဆုတောင်း ကရင်ပြည်နယ် ဘားအံမြို့နယ်က မြိုင်ကလေး ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံရဲ့ စွန့်ပစ်ရေတွေကြောင့် အနီးအနား ကျေးရွာတွေဟာ ရေအရင်းအမြစ်နဲ့ လူမှုစီးပွားဒုက္ခတွေ ခံစားနေရတာကနေ ကင်းဝေးအောင်ဆိုပြီး ဒေသခံတွေဟာ ဒီနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဘားအံမြို့နယ်က ဖားကပ်၊ မြိုင်ကလေး၊ ရသေ့ပျံ စတဲ့ကျေးရွာအုပ်စုတွေမှာရှိတဲ့ ရွာ ၂၇ ရွာက ဒေသခံအများအပြားဟာ နတ်ကုန်းကျေးရွာမှာ ဆုတောင်းပွဲပြုလုပ်ခဲ့တာပါ။
ဒီနေ့ အစီအစဉ်မှာ ဒေသခံတွေ၊ ဆရာတော်တွေဟာ သူတို့ယုံကြည်ရာ ဘာသာတွေနဲ့ ဆုတောင်းခဲ့ကြပါတယ်။
ဒီစက်ရုံဟာ ဒေသခံတွေအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးပဲ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆုတောင်းပွဲမှာ ဒေသခံတွေ အသုံးပြုနေတဲ့ ရေတွင်း၊ ရေကန်တွေကို အရောင်ပြောင်းစေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ရပ်တန့်ပေးဖို့နဲ့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ ငနက်ပြာကျေးရွာခံ နော်စိုးစိုးအေးက ပြောပါတယ်။
“အစိုးရအဖွဲ့အစည်းကို တောင်းဆိုတာက ကျမတို့ကို ဒီရေအဖြစ်ပြောင်းစေတဲ့ ကျောက်မီးသွေးနဲ့ လည်နေတဲ့စက်ရုံကို အမြန်ဆုံးရပ်တန့်ပေးဖို့ ကျမတို့ကို ကူညီပေးဖို့တောင်းဆိုတယ်၊ ရေအခက်အခဲရှိနေတဲ့ ရွာတွေကို သူတို့ ဘယ်လိုတာဝန်ယူမလဲဆိုတာ ခုချိန်မှာမသိပေမယ့် ဒီကိစ္စကို တာဝန်ယူစေချင်တာပေါ့”
ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နဲ့စက်မှု ဝန်ကြီး ဦးစိုးလှိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ -
“အဲလိုဆုတောင်းပွဲလုပ်တာ ကျနော်လည်း မသိဘူး၊ ဘာမှလည်း မသိရဘူးဖြစ်နေတယ်၊ အဲဒါကို အစိုးရအဖွဲ့ ပြန်ကြားရေးအဖွဲ့ ဆိုတာရှိပါတယ် သူတို့ကိုမေးကြည့်ပါ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစပြီး ဘားကပ်၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုံး၊ ငနက်ပြာ စတဲ့ ကျေးရွာအုပ်စုတွေထဲက ကျေးရွာတော်တော်များများ အသုံးပြုနေတဲ့ ချောင်းရေနဲ့ ရေကန်တွေဟာ မြိုင်ကလေး ဘိလပ်မြေစက်ရုံကနေ စွန့်ပစ်လိုက်တဲ့ ရေတွေကြောင့် အသုံးပြုလို့မရဘဲ အရောင်ပြောင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေအရောင် ပြောင်းလဲလာတာကြောင့် ဒေသခံတွေ မသောက်သုံးရဲကြလို့ အခုဆိုရင် သောက်သုံးရေ အခက်အခဲဖြစ်နေပေမယ့် အစိုးရဘက်က စုံစမ်းစစ်ဆေးတာ၊ အရေးယူတာ မရှိသလို ရေအခက်အခဲအတွက် ကူညီတာလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီမြိုင်ကလေး ဘိလပ်မြေစက်ရုံဟာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွနဲ့မညီပေမယ့် အစိုးရဘက်က တစ်စုံတစ်ရာအရေးယူမှု မရှိတာဟာ စစ်တပ်ပိုင်ကုမ္ပဏီကြောင့်လား မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ကရင်ပြည်နယ် မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်က ကိုစောသာပိုးက ပြောပါတယ်။
“ဥပဒေနဲ့မညီ မလျော်ကန်ပဲ လုပ်ထားတဲ့ဟာမျိုးကို မျက်ဝါးထင်ထင် ကျနော်တို့ တွေ့ရတယ်၊ ဒီလိုကိစ္စတွေမှာ သူနဲ့သက်ဆိုင်ရာဌာန ဥပမာ သဘာဝပတ်ဝန်းကျင်ဌာနက သိတယ်ဆိုလို့ရှိရင် အရေးယူရမယ့်ကိစ္စဖြစ်တယ်၊ အစိုးရက စစ်တပ်ပိုင်တဲ့ ကုမ္ပဏီမို့လို့ တရားမစွဲတာဆိုတာလား ဆိုတာကတော့ ကျနော်တို့ မေးခွန်းထုတ်စရာ သို့လောသို့လောဖြစ်စရာတွေ အများကြီးရှိတယ်”
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက RFA က မေးမြန်းရာမှာတော့ အဲဒီကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အကောင်ထည်ဖော်တာဖြစ်တာကြောင့် ပြည်နယ်အစိုးရအနေနဲ့ စီမံခွင့်မရှိထားဘူးလို့ ပြည်နယ် လျှပ်စစ်နဲ့စက်မှု ဝန်ကြီး ဦးစိုးလှိုင်က ဖြေကြားထားခဲ့ပါတယ်။
မြိုင်ကလေး ဘိလပ်မြေစက်ရုံဟာ မြိုင်ကလေးကျေးရွာနဲ့ လှာကာကျေးရွာတွေမှာရှိပြီး တစ်ရက်ကို ဘိလပ်မြေ တန် လေးထောင်နဲ့ တန် ၉၀၀ ထုတ် စက်ရုံ နှစ်ခုရှိပါတယ်။ ၁၉၈၀ လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အရင်တုန်းက သဘာဝဓာတ်ငွေ့ကို အသုံးပြုလည်ပတ်တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး ကျောက်မီးသွေးလောင်စာကို အသုံးပြုတာဖြစ်ပါတယ်။ အဲဒီ ဘိလပ်မြေစက်ရုံ နှစ်ရုံကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က စတင်လည်ပတ်ခဲ့တာဟာ နှစ် ၂၀ ကျော်ကြာပြီလို့လည်း သိရပါတယ်။
ကျောက်မီးသွေးကိုသုံးမယ့် သတင်းတွေထွက်ပေါ်နေတဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတွေ သောက်သုံးရေအခက်အခဲဖြစ်နေသလို ရေနဲ့လုပ်ကိုင်ရတဲ့ မုန့်ဟင်းခါးဖိုတွေ၊ ငါးဖမ်းလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာလည်း အဆင်မပြေမှုနဲ့ ရင်ဆိုင်နေရပါတယ်။
နွေရာသီမှာ ရေအခက်အခဲဟာ ပိုဆိုးနိုင်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။