တိုက်ပွဲတွေကြောင့် မြဝတီ-သင်္ဃန်းညီနောင်အာရှလမ်းပိုင်း ယာယီပိတ်ထား
2023.04.04
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ၊အာရှလမ်းမကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် လမ်းမကြီးဖြတ်သန်းခွင့် ယာယီပိတ်ထားပါတယ်။
မြဝတီသဃ်န်းညီနောင် အခြေချစစ်ဗျူဟာ၊ ခမရ ၃၅၅ တပ်၊ သင်္ဃန်းညီနောင်ရဲစခန်းနေရာတွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ နှစ်ရက်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။
ဧပြီလ ၁ ရက်နေ့က မဲကနယ်ကျေးရွာအနောက်ဘက်က ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ် ၄ ကင်းစခန်းတစ်ခုကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီနောက် ဧပြီ ၃ရက်နဲ့ ၄ ရက်နေ့တွေမှာ သင်္ဃန်းညီနောင်ကျေးရွာ အာရှလမ်းမကြီး လမ်းပိုင်းပေါ်မှာ ကုန်စည်တင်တွဲကား သုံးစီးကို KNLA ပူးပေါင်းတပ်တွေက လမ်းဖြတ်ပိတ်ဆို့ပြီး သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်း၊ ရဲစခန်းကုန်းတွေဘက်မှာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းထန်လာတာလို့ အဲဒီနယ်မြမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
“သင်္ဃန်းညီနောင်ကို KNLA - Cobra Column ကော်ဘရာစစ်ကြောင်း ၊ ကျားသစ်နက်စစ်ကြောင်းအဖွဲ့တွေ ဝင်တိုက်နေတာ နှစ်ရက်ရှိပြီ၊ မနေ့က စစ်တပ် စစ်ကားတစ်စီးကို ဝိုင်းတိုက်တယ်၊ ရဲစခန်းကိုလည်းပစ်တယ်၊ အဲဒီမှာစစ်တပ်ဘက်က ထိခိုက်ကျဆုံးတာရှိတယ်၊ ဒီနေ့(ဧပြီ ၄ရက်)တော့ မနက် ၁၀ နာရီလောက်ကနေ ညီနောင် ဗျူဟာကုန်း နဲ့ ရဲ စခန်း၊ ၃၅၅ စစ်တပ်ဘက်တွေမှာ ပစ်ခတ်နေတယ်။ အာရှလမ်းမကြီးကို ၂၂ဘီး တွဲကား သုံးစီးနဲ့ ကန့်လန့်ဖြတ် လမ်းပိတ်ချထားတယ်။”

နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုတွေအတွင်း အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာတော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အခုရက်ပိုင်း မြဝတီမြို့ဝန်းကျင်မှာရှိတဲ့ စစ်တပ်ကင်းစခန်း၊ ပြည်သူ့စစ် BGF ကင်းစခန်း ၊ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံနေရတာကြောင့် ဒီကနေ့(ဧပြီ ၄ရက်) မနက်ပိုင်းကစလို့ မြဝတီမြို့ အဝင် မဲကနယ်၊ ဖားချောင်း၊ ကုန်သွယ်ရေးဇုန် ၊ ရေပူကျေးရွာ၊ မြစန္ဒီရပ်ကွက်၊ အောင်မြေရွှေဘုံ ရပ်ကွက်၊ ကြံခင်းစစ်မှုထမ်းဟောင်းရပ်ကွက် စတဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။
ဧပြီ ၄ ရက် ညနေပိုင်းအထိ သင်္ဃန်းညီနောင် စစ်ကောင်စီရဲစခန်း၊ စစ်ဗျူဟာကုန်း၊ ခလရ ၃၅၅ တပ် နေရာတွေမှာ နှစ်ဘက် ပစ်ခတ်မှုတွေ ဆက်ရှိနေသလို ကော့ကရိတ်မြို့ဘက်မှာလည်း မြို့နယ်၊ ခရိုင်စစ်ကောင်စီအုပ်ချုပ်ရေးရုံး၊ ဌာနဆိုင်ရာရုံးတွေရှိတဲ့ ရုံးကြီးကုန်းနေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။