သိမ်းဆည်းလယ်မြေ ပြန်ရရှိရေး ဆန္ဒပြသူ ၄ ဦးကို ထောင် ဒဏ်တွေ ချမှတ်


2014.10.30

ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲက ဦးဆောင်သူတွေဖြစ်တဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအဖွဲ့ဝင် ၄ ဦးကို တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဘားအံမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ လယ်သမား ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ငွေဒဏ် ၂ သောင်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဦးဆောင်သူ ၄ ဦးကို ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့တာလို့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီး က ပြောပါတယ်။

"လယ်သမားတွေ လယ်ယာမြေ ပြန်လည်တောင်းဆိုတဲ့ကဏ္ဍ ဖော်ထုတ်တဲ့ကိစ္စနဲ့ပါ၊ ပုဒ်မ ၁၈ နဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအဖွဲ့ဝင် ၄ ဦးကတော့ ထောင်ဒဏ် ၄ လချတယ်၊ လယ်သမားတွေကျတော့ ဒဏ်ငွေ တစ်ယောက် ၂ဝဝဝဝ ပါ၊ အဲ့လို ထောင်ချနေရုံနဲ့ ကျနော်တို့ က နောက်ဆုတ်သွားမှာမဟုတ်ဘူး၊ လယ်သမားတွေကလည်း အဲ့ဒီၤအတိုင်းပဲ ပိုပြီးတော့ထကြွလာမှာ ပဲရှိတယ်၊ ထောင်ကျရုံနဲ့ အမှှုကိစ္စတွေ ပြီးဆုံးသွားမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးထောင်ချမှသာ အေး ချမ်းသွားမှာ၊ ထောင်မချပဲနဲ့ အဲ့ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ အစိုးရ စဉ်းစားပေးပါလို့ ကျနော်တို့က တောင်းဆိုတာ"

လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်လောက်စပြီး စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေက ဘားအံနဲ့ လှိုင်းဘွဲ့မြို့ နယ်တွေက ထီလုံ၊ ရွှေချိုင်ကလေး၊ ဈေးမသွယ်၊ ထားဝယ်အံ၊ လက္ခဏ၊ တောင်သူကုန်း၊ လှာကမြင် စတဲ့ကျေးရွာ ၁၁ ရွာကလယ်ယာမြေဧက ၅ဝဝဝ နီးပါးကို သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ဆိုပါတယ်။

အဲ့ဒီ လယ်ယာမြေတွေကို ပြန်ပေးဖို့ ၈၈ ကရင်မျိုးဆက် ကျောင်းသားများအစည်းအရုံး အဖွဲ့ဝင်တွေနဲ့ လယ်သမား ၂ဝဝ လောက်က သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။