လွိုင်ကော်က စစ်ကောင်စီတပ် လက်နက်တိုက် တိုက်ခိုက်ခံရ

RFA Burmese
2023.12.01
လွိုင်ကော်က စစ်ကောင်စီတပ် လက်နက်တိုက် တိုက်ခိုက်ခံရ ကယားပြည်နယ် လွိုင်ကော်မြို့အနီးတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က မြင်တွေ့ရစဉ် ။
REUTERS

ကယားပြည်နယ်(ကရင်နီပြည်) လွိုင်ကော်မြို့ က စစ်ကောင်စီတပ်စခန်း ခလရ - ၅၄ တပ်စွဲထားတဲ့ လက်နက်ခဲယမ်းတိုက်ကို Loikaw PDF နဲ့ Falcon Wings တို့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီပြည်မှာ တစ်လေးလုံးစစ်ဆင်ရေး ၂၁ ရက်မြောက်နေ့အဖြစ်  လွိုင်ကော်မြို့ က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ရာမှာ လက်နက်တိုက်ကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပေါက်ကွဲမီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်တိုက်ကို Loikaw PDF နဲ့ Drone Special Force တပ်ဖွဲ့တွေ    တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက အတည်ပြုပြောပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေက စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် အဆက်မပြတ် တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လွိုင်ကော်မြို့တွင်းမှာ ပြန်ဝင်မနေကြဖို့ကိုလည်း သတိပေးထားပါတယ်။ လက်နက်တိုက်ပျက်စီးသွားတဲ့အခြေအနေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ လက်နက်တိုက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။ ဒီဇင်ဘာ ၁ ရက်နေ့ စစ်ရေးအခြေအနေကို စစ်ကောင်စီရဲ့ သတင်းစာမျက်နှာတွေကနေတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ရာမှာ ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး Drop bomb နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ လက်နက်တိုက်တိုက်ခိုက်ခံရတာကိုတော့ ထည့်မပြောခဲ့ပါဘူး။

ကရင်နီပြည်မှာ တစ်လေးလုံးစစ်ဆင်ရေးစတင်ချိန်ကစပြီး လွိုင်ကော်မြို့တွင်းတိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး၊ လွိုင်ကော်မြို့ကို သိမ်းမယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ကြေညာထားတာနဲ့တပြိုင်နက် စစ်ကောင်စီကလည်း လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေပါတယ်။

 တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လွိုင်ကော်မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသူတွေရှိပေမဲ့ လုံခြုံရေးအရ မြို့တွင်းမှာ အလောင်းသယ်ယူဖို့ ခက်ခဲနေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။