ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း

RFA Burmese
2024.10.29
ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတည်ထောင်သည့် အခမ်းအနားတွင် တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Kayan National Army

ကယားပြည်နယ် (ကရင်နီ) အတွင်း ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်တွေကို ပြန်လည်ပေါင်းစည်းပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းထူထောင်လိုက်တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကရင်နီပြည်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနဲ့ တခြား ကယန်းဒေသတွေမှာရှိတဲ့ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်လည်ပေါင်းစည်းပြီး KNA ကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ကယန်းဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးမှာ ဦးဆောင် ပါဝင်နေသူတွေနဲ့ ကော်မတီတစ်ရပ် စုစည်းဖွဲ့စည်းကာ KNA ကို ဦးဆောင်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်ဖို့အတွက် အင်အားစုတစ်ခုပေါ်ထွက်လာတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဗညားက ပြောပါတယ်။

"စစ်အာဏာရှင်တိုက်ဖို့အတွက် နောက်ထပ်အင်အားစုတစ်ခု ဖွဲ့စည်းလာတာလို့ မြင်ပါတယ်။ တော်လှန်ရေးမှာအာဏာရှင်ကိုအမြစ်ပြတ်တိုက်ဖို့လို့ပဲ ဖြစ်တယ်။ ဘယ်လိုပေါင်းပြီး လုပ်ဆောင်မလဲဆိုတာနဲ့ စစ်ရေးအရ အသေးစိတ်ကိုတော့ မသိသေးပါဘူး"

ကယန်းအမျိုးသားတပ်မတော် (KNA) အခြေခံမူတွေအနေနဲ့ ကယန်းအမျိုသားတပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး၊ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တစ်စုတစ်စည်းတည်း ပေါင်းစည်းရေး၊ အဖိနှိပ်ခံ ပြည်သူတွေကို ကာကွယ်ပေးရေးအပါအဝင် အချက်ကိုးချက်ကို ပြဌာန်းထားပါတယ်။

ဒါ့အပြင်အမျိုးသားရည်မှန်းချက်အနေနဲ့ ကယန်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဖော်ဆောင်ရေး၊ ပါတီစုံဒီမိုကရေစီကျင့်သုံးအရေးအပါအဝင် အချက် ငါးချက်တို့တို့လည်း ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။