စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် ကန့်ဘလူမှာ အရပ်သား သုံးဦး သေဆုံး

RFA Burmese
2024.10.12
စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် ကန့်ဘလူမှာ အရပ်သား သုံးဦး သေဆုံး ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက် ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် လူသုံးဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၀ အရွယ် မဖြူဝင်း၊ သူ့ရဲ့ သမီးတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် မငြိမ်းအိစံနဲ့ အသက် ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူတို့ဖြစ်ပြီး မဖြူဝင်းရဲ့ မိဘနှစ်ပါးလည်း စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။

ညအိပ်ချိန် နေအိမ်ပေါ်တည့်တည့်ကျလို့ မိသားစုလိုက် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းလယ်ကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိပ်နေတဲ့အချိန်ဆိုတော့လေ အိမ်ပေါ်တည့်တည့်ကျတာ။ အဲဒီ သားအမိသုံးယောက်က သေသွားတာ။ အဖေနဲ့ အမေကတော့ ဒဏ်ရာရတာ သူတို့လည်း စိုးရိမ်ရတယ်။ ဆေးကုသပေးဖို့ လုပ်နေကြတယ်။ နောက်ထပ် နေအိမ်တစ်လုံးပေါ်လည်း ဗုံးကျလို့ လူငါးယောက် ထိခိုက်ထားတယ်”

အင်းလယ်ကြီးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်တာဖြစ်ပြီး နေအိမ်နှစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အိမ်ခြေ ရှစ်ရာဝန်းကျင်ရှိတဲ့ အင်းလယ်ကြီးရွာက ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စက်တင်ဘာလ ၂၈ ရက်နေ့က ကန့်ဘလူမြို့နယ် မှန်နီပင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဗုံးတွေ ကြဲချတာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့သလို စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ရေရှင်ကြီးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး လူ ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။