ကန့်ဘလူမှာ လက်နက်ကြီးကြောင့် လူတစ်သောင်းကျော် ထွက်ပြေး

RFA Burmese
2023.02.14
ကန့်ဘလူမှာ လက်နက်ကြီးကြောင့် လူတစ်သောင်းကျော် ထွက်ပြေး စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် အင်းလယ်ကြီးရွာက ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ ၁၀ ရွာက အရပ်သားတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် အင်းလယ်ကြီးရွာ၊ စံပယ်နံ့သာရွာ၊ ဂါးတာရွာ ၊ ရေအေးရွာ၊ ဘိုတဲကုန်းရွာ နဲ့ အရှေ့ညောင်ဇင်ရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက အရပ်သားတွေ ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီလိုပစ်ခတ်မှုတွေကြောင့် ပြည်သူတွေက တိမ်းရှောင်ရပြီး ဒုက္ခတွေ ရောက်ကုန်တာပေါ့ဗျာ။ အင်းလယ်ကြီးကို ပစ်တယ်ဗျ။ ပြီးတော့ အင်းလယ်ကြီးနဲ့ အနီးနားရွာရဲ့ တောတွေထဲကို ပစ်တယ်ဗျ။ ဘယ်အချိန်ပစ်မယ်မှန်းမသိဘူး။ တိမ်းရှောင်နေသူ များတာပေါ့"

စစ်ကောင်စီရဲ့ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းက သုံးရက်အတွင်း လက်နက်ကြီးနဲ့ ဆယ်ကြိမ်အထိ ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်မှာ အင်းလယ်ကြီးရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။