ကန့်ဘလူမြို့နယ်က ဒေသခံတစ်ရာနီးပါး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2025.01.29
ကန့်ဘလူမြို့နယ်က ဒေသခံတစ်ရာနီးပါး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်၀တ်ပစ္စည်းများ ထုတ်ပေးနေသည်ကို တွေ့ရစဉ်။
Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဒေသခံတစ်ရာနီးပါးကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

ကန့်ဘလူမြို့နယ် ဇီးကုန်မြို့ပေါ်ရပ်ကွက်၊ နဂါးပေါ်ရွာနဲ့ ပုပ္ပါးရွာက ပြည်သူတစ်ရာဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံရဲတပ်ဖွဲ့က အင်အားသုံးပြီး အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ အင်အားသုံး ဖမ်းဆီးနေတာတွေကို ဒေသခံတွေ သတိထားကြဖို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကန့်ဘလူမြို့နယ်မှာ ဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရတယ်။ ဒီနေ့တစ်ရက်တည်း တစ်ရာဝန်းကျင်လို့သာ ပြောတယ်။ တချို့ တစ်ရာကျော်တယ်လည်း ပြောတယ်။ ဆက်တိုက်ဖမ်းဆီးမှုတွေတော့ရှိနေတာပေါ့။ စစ်မှုထမ်းဖို့ဆိုတာတော့ သိသိသာသာပေ့ါ။ အစကတည်းက သူတို့ အိမ်ထောင်စုစာရင်းတွေတောင်းပြီး ယူထားတာရှိတယ်။ ဒါက မဲနှိုက်တဲ့အဆင့်လည်းမဟုတ်ဘူး။ တောက်လျှောက်ကို ဝင်ဖမ်းဆီးတာ။ အရင်လို ညတောင်မဟုတ်တော့ဘူး။ နေ့ခင်းကို ဝင်ရောက်ဖမ်းဆီးတာ”

စစ်မှုထမ်းဖို့ စုဆောင်းခံထားရသူတွေကို ဇီးကုန်းသကြားစက်မှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကန့်ဘလူမြို့နယ်မှာ မဘသဆရာတော် ဦးဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်အတွက် လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့မှာ စစ်မှုထမ်းဖို့ ဒေသခံတွေဖမ်းဆီးခံရတဲ့အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ ကို နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်လိုက်သလို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းပြီး စစ်သင်တန်းပို့တာတွေ အတင်းအကျပ်လုပ်နေပါတယ်။

စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့သူ နှစ်သောင်းသုံးထောင်နီးပါး (၂၂,၇၆၅ ဦး) ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။