ကနီဘက်မှာ နေအိမ်တွေမီးရှို့ခံရပြီး ဒေသခံတွေအဖမ်းခံနေရ

စောဖိုးခွား
2022.01.24
ကနီဘက်မှာ နေအိမ်တွေမီးရှို့ခံရပြီး ဒေသခံတွေအဖမ်းခံနေရ ကနီမြို့နယ် မုဌောအရှေ့ရွာမှာ မီးရှို့ခံထားရတဲ့ အိမ်နေရာ
Photo- Citizen Journalist

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်စီးပြီး နေအိမ်တွေကိုမီးရှို့သွားသလို ဒေသခံတွေလည်း ဖမ်းဆီးခံနေရတယ်လို့ ရွာသားတွေကပြောပါတယ်။

ဇန်နဝါရီလ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက ကနီမြို့နယ် ကျွန်းရွာနဲ့ မဲဒင်ရွာမကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ရွာသား ၁၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ထဲ ရေကြောင်းတပ်စွဲပြီး အဲ့ဒီရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ရွာသားတွေကိုလည်း လာဖမ်းသွားတာလို့ဆိုပါတယ်။

“ စကစတွေက လော်စပီကာတွေနဲ့ သတ္တိရှိရင် ထွက်ခဲ့ဆိုပြီး ရွာထဲမှာ ဆဲဆိုအော်တယ်။ သူတို့ကို ပြန်ခုခံရင် တစ်ရွာလုံး ပြာကျအောင်လုပ်မယ်လို့ ခြိမ်းခြောက်အော်တယ်။ အခုအဖမ်းခံရတာ သာမန် အရပ်သားတွေပါ’’ လို့ အဲ့ဒီဒေသခံကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အင်းလည်ချောင်ရွာထဲလည်း ဝင်စီးခဲ့ပြီး လူမရှိတဲ့ နေအိမ်တွေကနေ စားနပ်ရိက္ခာတွေ၊ တန်ဖိုးရှိပစ္စည်းတွေကို ယူသွားကြသလို ရွာဘုရားအတွက် အလှူခံထားတဲ့ ငွေတွေကိုပါ ယူသွားကြတယ်လို့ ဒေသခံကပြောပါတယ်။

အဲ့ဒီအင်းလည်ချောင်ရွာက ရွာသားတော်တော်များများဟာ ရွာမှာမရှိတော့ဘဲ ကြောက်လန့်ထွက်ပြေးနေကြတာဖြစ်ပါတယ်။

272374245_1121398838595692_4373973790001671411_n.jpg
ကနီမြို့နယ် မုဌောအရှေ့ရွာမှာ မီးရှို့ခံထားရတဲ့ အိမ်နေရာ

လက်ရှိအဲ့ဒီစစ်တပ်ကြောင်းဟာ ချင်းတွင်းမြစ်ထဲ မဲဒင်မြောက်ရွာအနီး တပ်စွဲနေတယ်လို့ ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မုဌော အရှေ့ရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး လူနေအိမ် ၁၁ လုံးကို မီးရှို့သွားတယ်လို့ ဒေသခံ ကနီ PDF က ထုတ်ပြန်ပါတယ်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့မှာလည်း နတ်ကြီးရွာက နေအိမ် ၃၁ လုံးကို စစ်ကောင်စီက မီးရှို့သွားတယ်လို့ ကနီ PDF က ထုတ်ပြန်ကြေညာပါတယ်။

မီးရှို့ခံရတဲ့ အိမ်အများစုဟာ CDM ဝန်ထမ်းတွေနဲ့ NLD ပါတီ ထောက်ခံသူတွေရဲ့ အိမ်တွေအများစုဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ကနီဘက်မှာ စစ်ကောင်စီတပ်တွေ ရွာတွေထဲဝင်ပြီး အိမ်တွေကို မီးရှို့နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုန့်ပြန်ချက်မသိရသေးပါဘူး။

အာဏာသိမ်းပြီးနောက် ဒေသတော်တော်များများမှာ နေအိမ်မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေရှိနေပေမယ့် စစ်ကောင်စီဘက်ကတော့ အမြဲငြင်းဆိုနေတာ ဖြစ်ပါတယ်။

ကနီဘက်မှာ ဒေသခံ PDF တွေ အားကောင်းလာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ရွာတွေကို ကုန်းပ်ုင်းရော လေကြောင်း၊ရေကြောင်းတွေပါသုံးပြီး ဖိတိုက်လာနေတာလို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။