နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရပြော


2018.09.25
kyawayethein-622.jpg ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ၂၀၁၈ စက်တင်ဘာလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းမှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင် ထုတ်ပေးနေတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာတဲ့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

ပြည်နယ် ဘဏ္ဍာရေး၊ အခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။

"လက်ရှိအနေအထားမှာတော့ ရမ်းဗြဲမြို့နယ်မှာပြုလုပ်နေတဲ့ မှတ်ပုံတင်လုပ်ငန်းကိုတော့ ရပ်ဆိုင်းထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း သက်ဆိုင်ရာ အမျိုးသားလွှတ်တော်မှာတင်ပါတယ်၊ အဲဒီမှာလည်း ဝန်ကြီးက စီစစ်ပြီးတော့ ပြန်လည်ဆောင်ရွက်ပေးမယ်ဆိုတာကို ကတိပေးထားတယ်လို့ သိရှိရပါတယ်"

နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး နိုင်ငံသားလျှောက်လွှာအမှုတွဲတွေကို ပြည်ထောင်စုဝန်ကြီးဌာနကို ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုအဆင့်မှာလည်း အခြားတိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတွေကို ခေါ်ယူပြီး ပြန်လည်စိစစ်မှုတွေကို လုပ်ဆောင်နေတယ်လို့ လည်း ဝန်ကြီးက ပြောပါတယ်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးနေတာတွေကို ပြည်လည်စိစစ်ဖို့နဲ့ ကမန်လူမျိုးမဟုတ်သူတွေကို ကမန်လူမျိုးလို့ မှားယွင်းထုတ်ပေးထားတာတွေကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။

အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်အစိုးရက အဆိုကို မှတ်တမ်းအဖြစ်ထားရှိဖို့ တင်ပြခဲ့ပေမယ့် ဆက်လက်မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံသူများတာကြောင့် အဆိုကို အတည်ပြုလိုက်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။