လူမျိုးအမည်မှားယွင်းပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးထားတာ၂၁ ဦးရှိ
2018.12.19

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ လူမျိုးအမည်မှားယွင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားတဲ့ လူပုဂ္ဂိုလ် ၂၁ ဦးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ကမန်တိုင်းရင်းသားအမည်ခံပြီး ဘင်္ဂါလီလူမျိုးတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားတာကို ပြန်လည်စိစစ်ပေးဖို့ ဒီနေ့ မေးခွန်းမေးမြန်း တာကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကစပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ကျောက်နီမော်က လူဦးရေ ၃၃၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးထားပြီး ၂၁ ဦးက လူမျိုးအမည် မှားယွင်းနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဘင်္ဂါလီလူမျိုးတွေကို ကမန် တိုင်းရင်းသား အမည်ခံပြီး နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတာကို ပြန်လည်စိစစ်ဖို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကစပြီး နိုင်ငံသားစိစစ်ကတ်ပြားတွေ ထုတ်ပေးတာမှာ ကျောက်နီမော်က လူပုဂ္ဂိုလ် ၃၃၀၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူပုဂ္ဂိုလ် ၂၁ ဦးကို မှားယွင်းထုတ်ပေးမိတယ်လို့ အခုလိုပြောပါတယ်။
"ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ ပါတဲ့ ၁၂ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ ဥပဒေကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းပြီးမှ အဲ့ဒီထုတ်ပေးထားတဲ့ ၃၃၀၆ ဦး အမှုတွဲတွေအားလုံးကို ရုံးချုပ်ကို ယူပြီးတော့မှ ရုံးချုပ်မှာရှိတဲ့ မှတ်တမ်းမှတ်ရာတွေ မြို့နယ်မှာရှိတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ ဘယ်အကြောင်းကြောင့် ပေးတာလည်းဆိုပြီးတော့ တိုက်ဆိုင်စစ်ဆေးပါတယ်၊ အဲ့ဒီအခါမှာ အိမ်ထောင်စု ၉ ခုရဲ့ မိသားစုဝင် ၂၁ ဦးက လွဲပြီး ကျန်တဲ့သူတွေ ထုတ်ပေးတာသည် မှတ်တမ်းမှတ်ရာတွေ ခိုင်ခိုင်မာမာ တွေ့ရှိတဲ့အတွက် ကမန်တိုင်းရင်းသားတွေအဖြစ် ထုတ်ပေးတာ မှန်ကန်မှုရှိပါတယ်"
အဲဒီလူပုဂ္ဂိုလ် ၃၃၀၀ ကျော်ဟာ ဘင်္ဂါလီလူမျိုးတွေဖြစ်ကြောင်း ကမန်လူမျိုးအမည်တပ်ကာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတာဆိုပြီး ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးပါတီတွေက ကန့်ကွက်ထားကြပါတယ်။
မှားယွင်းထုတ်ပေးထားတဲ့ လူပုဂ္ဂိုလ် ၂၁ ဦးဟာ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေဖြစ်ပေမယ့် လူမျိုးအမည် မှားယွင်းထုတ်ပေးတာကြောင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
မေးခွန်းမေးမြန်းသူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ဘင်္ဂလီတွေဟာ ကမန်တိုင်းရင်းသားအမည်ခံပြီး နိုင်ငံသားစိစစ်ရေးကတ် အများအပြား ရရှိနေတယ်လို့ ပြောပါတယ်။
အခုလို မေးမြန်းရတဲ့ အကြောင်းကို လွှတ်တော်အပြီးမှာ ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က အခုလိုပြောပါတယ်။
"သူတို့ပေးလိုက်တာ မှားယွင်းလို့ပေါ့နော်။ သူကိုယ်တိုင်ကလည်း ပြောသွားတယ်။ အရေးယူမှုတွေ လုပ်ဖို့ ရှိပါတယ်လို့ ပြောတယ်။ ဒီလို နိုင်ငံသားတောင်မကဘူး တိုင်းရင်းသားကိစ္စဖြစ်သွားပြီ။ ကျနော်တို့ ရခိုင်သပ်သပ် လုပ်တာမဟုတ်ဘူး။ ကမန်တွေလည်း ပါတယ်။ ဒီကမန်တွေနဲ့ ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေ အားလုံးပူးပေါင်းပြီး တိုင်းရင်းသားမဖြစ်သင့်တဲ့လူကို တိုင်းရင်းသားမဖြစ်အောင် အဓိကကာကွယ်ဖို့ ရှိတယ်။ ဒါနိုင်ငံသားကိစ္စမဟုတ်ဘူး။ တိုင်းရင်းသားကိစ္စဖြစ်သွားပြီ။ ကမန်ဖြစ်သွားရင် တိုင်းရင်းသားဖြစ်သွားလိမ့်မယ်။ ဒါတွေကို အထူးစိုးရိမ်တယ်။ ဒါကြောင့် ဒီလိုမေးမြန်းရခြင်းဖြစ်တယ်"
မှားယွင်းထုတ်ပေးမိတဲ့ လူပုဂ္ဂိုလ် ၂၁ ဦးနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနအနေနဲ့ စုံစစ်းစစ်ဆေးသွားမှာဖြစ်သလို အဲဒီလိုစစ်ဆေးရာမှာ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပေးမယ်လို့လည်း ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ အဲဒါကို စောင့်ကြည့်သွားမယ်လို့ အခုလိုပြောပါတယ်။
"သူကတော့ ဒေသခံတွေ ပူးပေါင်းပါဝင်မှု လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်မှုကိုလည်း ကြိုဆိုသယောင်ယောင် ပြောတယ်။ လက်တွေ့မှာ ပူးပေါင်းပါဝင်မှု ဘယ်လောက်ရမလဲဆိုတာ ကျနော်တို့ စောင်ကြည့်နေပါတယ်။ ဒီနေ့မှာလဲ ကျနော်တို့ စစ်တွေမှာ ဆိုလို့ရှိရင် အရပ်ဖက်အဖွဲ့တွေ အကုန်လုံးဆွေးနွေးနေကြပါပြီ။ မနေ့ကလည်း ရခိုင်ပြည်နယ် လွှတ်တော်နဲ့ တွေ့တာ ကျနော်တို့ သတင်းရပါတယ်။ ဆိုတော့ ဆက်လက်ပြီးတော့ ပြန်လည်စိစစ်ရေး လုပ်ငန်းထဲမှာ အရပ်ဖက်ကလူတွေ နောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လောက်ထိ ပါဝင်မှုရမလဲဆိုတာကို စောင့်ကြည့်နေပါတယ်"
ဒါ့အပြင် ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း ကျောက်နီမော်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတဲ့ကိစ္စ ပြန်လည်စိစစ်ဖို့ အဆို တင်သွင်းခဲ့ပါသေးတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။