ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ရထားသူတွေကို စိစစ်နေ
2018.10.30

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ကမန်လူမျိုးဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိထားတဲ့ မွတ်စလင် ၃ထောင်ကျော်ကို ကမန်လူမျိုး စစ် မစစ် စိစစ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
နေပြည်တော်က M Galley ဟိုတယ်မှာ အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO တို့ ပူးပေါင်းကျင်းပတဲ့ လုပ်ငန်းခွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အလုပ်ရုံဆွေးနွေးပွဲ ယာယီနားချိန်မှာ RFA ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကျောက်နီမော်ကျေးရွာအုပ်စုက နိုင်ငံသားစိစစ်ရေးကတ် ရထားသူ မွတ်ဆလင် ၃ထောင်ကျော်ဟာ နိုင်ငံသားဖြစ်ခွင့် အရည်အချင်း ပြည့်မီသူတွေဖြစ်ကြောင်းနဲ့ ကမန်လူမျိုး စစ်သလား၊ သွေးနှောသလားဆိုတာ မျိုးရိုးစဉ်ဆက် အထောက်အထားတွေကို စိစစ်နေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် လဝက ဌာနအနေနဲ့ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို ထုတ်ပေးမှာမဟုတ်ဘဲ ဥပဒေအရသာ ဆောင်ရွက် မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီ မွတ်စလင် ၃ထောင်ကျော်ကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားတဲ့အပေါ် ပြန်လည်စိစစ်ပေးဖို့ နဲ့ ကမန် မဟုတ်သူတွေကို ထုတ်ပေးထားတာကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုထားတာဖြစ်ပါတယ်။
အဲဒီနောက် ရမ်းဗြဲမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေတဲ့လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပြီး ပြန်လည်စိစစ်နေတာဖြစ်ပါတယ်။