ကမန် မှတ်ပုံတင်ကိစ္စ ANP ပါတီ ကြေညာချက်ထုတ်
2018.12.03

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ကမန်လူမျိုးအမည်နဲ့ မွတ်စလင်တွေကို နိုင်ငံသားစီစစ်ရေးကတ်ပြားတွေ ထုတ်ပေးရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်မှုမရှိတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ (ANP) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစီစစ်ရေးကတ်တွေ ထုတ်ပေးထားတဲ့ မွတ်စလင် ၃ ထောင်ကျော်ထဲမှာ ကမန်လူမျိုး မဟုတ်သူ ၂၁ ဦးသာပါရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောဆိုရုံနဲ့ မလုံလောက်တဲ့အတွက် အခုလိုကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုတာလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
အစိုးရဘက်က ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်နဲ့ ပြန်လည်စီစစ်ပြီး ဥပဒေနဲ့မညီဘဲ ထုတ်ပေးထားတဲ့ နိုင်ငံသားစီစစ်ရေးကတ်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုကြောင်းလည်း ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားမှာ ကမန်လူမျိုးအမည်ကို အသုံးပြုပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားတွေ ထုတ်ပေးထားတဲ့ မွတ်စလင် ၅၀၀၀ ခန့်ရှိနေတဲ့အတွက် နိုင်ငံသားစီစစ်ရေးကတ်တွေ ထုတ်ပေးတဲ့ကိစ္စကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း ပါတီရဲ့ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံကမန်တစ်ဦးကတော့ ဒီပြဿနာတွေဟာ မွတ်စလင်တွေရဲ့ နိုင်ငံသားလျှောက်ထားချက်တွေကို အစိုးရအာဏာပိုင်တွေဘက်က နှစ်ပေါင်းများစွာ ကန့်သတ်ပိတ်ပင်ထားခဲ့တဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်နေရတာဖြစ်ပြီး လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။