နယ်စပ်အရေး ကလေးဒေသခံ ၅၀၀ ခန့် အိန္ဒိယအစိုးရကို ဆန္ဒပြ
2013.12.27

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့အနီး မြန်မာ-အိန္ဒိယ နယ်စပ်မှာ အိန္ဒိယဘက်က အဆောက် အဦးတွေဆောက်လုပ်ဖို့ မြေတူးနေတာတွေကြောင့် ကလေးမြို့ဒေသခံအင်အား ၅၀၀ လောက် ဒီနေ့ မနက်ပိုင်းက အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။
အိန္ဒိယအစိုးရက နယ်စပ်ဂိတ်အဆောက်အဦးဆောက် လုပ်ဖို့အတွက် မိုင်တိုင်အမှတ် ၇၆ နဲ့ ၇၉ အကြား မြေ တူးနေတာတွေကြောင့် ဒေသခံတွေကမကျေနပ်ဘဲ စုပေါင်းဆန္ဒပြကြတာလို့ တမူးလူငယ်ကွန်ရက်က ကိုရင်ကိုဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ တမူးမှာ ၂၄ ရက်နေ့ ဆန္ဒပြတဲ့အချိန် မှာ တစ်ဘက်နိုင်ငံက ကျနော်တို့နိုင်ငံကို ကျူးကျော်ပြီးမြေထိုးတာတွေ ရပ်သွားပါတယ်၊ ၂၈၊ ၂၉ မှာလုပ်မယ့် နှစ်နိုင်ငံအစည်းအဝေးပေါ် ကိုလည်း အိန္ဒိယဘက်က ရက်ရွှေ့ထားတယ်လို့လည်း ကျနော်တို့ သတင်းရရှိပါတယ်၊ အိန္ဒိယနဲ့ တမူးနယ်စပ်ဘက်မှာဆိုရင် တိုင်းတာမှုမပြီးသေးတဲ့အပေါ် အငြင်းပွားဖြစ်နေတဲ့ပိုင်နက် မိုင်တိုင် ၉ တိုင် ရှိတယ်ခင်ဗျ၊ အခုဖြစ်တာက မိုင်တိုင် ၇၆၊ ၇၇၊ ၇၈ ကြားမှာ မပြီးပြတ်သေးဘူး၊ အဲဒါကို အစိုးရကလည်း ကန့်ကွက်တယ်၊ ကျနော်တို့ပြည်သူတွေကလည်း ကန့်ကွက်တယ်ခင်ဗျ၊ မိုင်တိုင် ၇၇ နဲ့ ၇၈ ကြားမှာ သူတို့ရဲ့ စစ်ဆေးရေးဂိတ် တည်ဆောက်မယ်ဆိုပြီးတော့ အငြင်းပွားနယ်မြေမှာ မြေထိုးနေပါတယ်"
ဒီဆန္ဒပြပွဲကို အထက်ချင်းတွင်းလူငယ်ကွန်ရက်၊ တမူးလူငယ်ကွန်ရက်နဲ့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ဦးဆောင်ကြတာပါ။
အိန္ဒိယဘက်က မြေတူးတာတွေကို ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက စပြီးလုပ်ကိုင်နေတာဖြစ်ပြီး မိုင်တိုင် ၇၇ နဲ့ ၇၉ ကြားနေရာတွေဟာ နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားနေရာဖြစ်တဲ့အတွက်ကြောင့် ခုလိုအဆောက်အဦး ဆောက်လုပ်တာတွေကို ကလေးမြို့ဒေသခံတွေက ကန့်ကွက်တာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကလည်း တမူးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လာမယ့် ၂၉ ရက်နေ့မှာလည်း မင်းကင်းမြို့မှာ ဆက်လက်ဆန္ဒပြမယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဘက်က မြေတူးတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။