ကလေးထောင်အာဏာပိုင်တွေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေကြောင်း PPNM ထုတ်ပြန်
1925.02.01
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တာဝန်ရှိသူတွေဟာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကို ဖုန်းဆက်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို လျှော့ရက်ပေးမယ်ဆိုပြီး လိင်ပိုင်းဆိုင်ရာ ပြောဆိုနှောင့်ယှက်နေတာလို့ PPNM တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ကို ပေးပို့ထားတဲ့စာအရဆိုရင် အဲဒီ အစ်မကို ထောင်ပိုင်ကိုယ်တိုင်က သူ့အမျိုးသားကို လျှော့ရက်ပေးမယ်။ လျှော့ရက်လုပ်ပေးလို့ရတယ်။ အတူနေပေးဖို့ဆိုပြီး ဖုန်းဆက်တဲ့အထဲမှာ ပြောတာ၊ အဲဒါကြောင့်မို့ သူရှက်တယ်ပေါ့၊ နောက်ထောင်ဝင်စာပို့ရင်း တခြားအမျိုးသမီးတွေကိုလည်း မေးကြည်တော့ အဲလိုမျိုးတွေရှိတယ်။ တစ်ဦး နှစ်ဦးမဟုတ်ပါဘူး၊ အရေအတွက် ဘယ်လောက်ဆိုတာတော့ ကျွန်တော်တို့ဘက်က မပြောနိုင်ဘူး"
ထောင်တာဝန်ရှိသူတွေဟာ လူ့ကျင့်ဝတ်အရရော၊ လူ့အခွင့်အရေးအရပါ ချိုးဖောက်တာဖြစ်တာကြောင့် ရှုတ်ချကြောင်းနဲ့ အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်ပြီး အမှန်တရားကို ဖော်ထုတ်သွားမယ်လို့လည်း PPNM က ဆိုပါတယ်။
ကလေးထောင်တာဝန်ခံ ဦးအောင်မိုးဟိန်းနဲ့ ထောင်လုံခြုံရေး ဟန်ဝင်းအောင်ဆိုသူက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိန်းမတွေနဲ့ မိသားစုဝင်တွေကို ဦးတည်ပြီး လုပ်နေတာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကလေးထောင်က ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင် အမျိုးသမီးတွေကို ဖုန်းဆက်ပြီး ငွေကြေးအပါအဝင် အသုံးအဆောင်ပစ္စည်းတောင်းခံနေတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ကလေးမြို့မှာ အာဏာရှင် ဆန့်ကျင်ဆန္ဒပြလို့ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ အယောက် ၃၀ ရှိပြီး လက်ရှိ ထောင်ချခံထားရသူ အယောက် ၆၀ ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့က ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ RFA ကို ပြောထားပါတယ်။
AAPP က ကောက်ယူထားတဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၆၂၃၁ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ ၂၈,၄၃၃ ဦး ရှိပြီး အဲဒီအထဲက ၂၁,၇၁၁ ဦးဟာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
_____________
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင် မျက်နှာစာဝင်ပေါက် မြင်ကွင်း။ (Citizen Photo)
#ကလေး #အကျဉ်းထောင် #လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု #လွတ်လပ်တဲ့အာရှအသံ #rfaburmese