ကလေးမြို့မှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

RFA Burmese
2023.07.12
ကလေးမြို့မှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းတွင် သွားလာနေသူများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ တောင်ဖီလာရပ်ကွက်ထဲက အမှတ် ၁၄ အထက်တန်းကျောင်းအနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကလေးမြို့မှာ ဒီရက်ပိုင်းအတွင်း ပေါက်ကွဲသံတွေ လက်နက်ကြီးသံတွေ နေ့တိုင်းလိုလို ကြားရတယ်။ မနေ့ကလည်း အမှတ် ၁၄ ကျောင်းနားက လက်နက်ကြီးကျတာ အမျိုးသမီး တစ်ဦးသေတယ်။ ကလေးတစ်ယောက် ဒဏ်ရာရတယ်။ ကြို့သုံးပင်ရပ်ကွက်မှာလည်း လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးတာလည်းရှိတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင်လ ၁၁ ရက် မနေ့ကလည်း ကလေးမြို့နဲ့ ၁၈ မိုင်ဝေးတဲ့ တီးတိန်မြို့နယ် သိုင်းငင်းရွာနားမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က ကလေးမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့လက်နက်ကြီးကျည်တွေက တိုက်ပွဲဖြစ်တဲ့ နေရာအထိ မရောက်ဘဲ ကလေးမြို့ ရပ်ကွက်တွေထဲက လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကလေးမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်က စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်း လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ခုနစ်ဦးသေဆုံးပြီး နောက်ထပ် လူ နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။