ကလေးမြို့မှာ ကိုဗစ်ကူးစက်သူများလာလို့ ခရီးသည်တင်ကားတွေ သွားလာခွင့်ပိတ်
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်ကူးစက်ခံရသူတွေ များလာတာကြောင့် ခရီးသည်တင် ကားတွေကို ဇန်နဝါရီ ၂၆ ရက် မနေ့ကစပြီး သွားလာခွင့်ပိတ်ထားတယ်လို့ ခရီးသည်တင် ကားအသင်းတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့က ကလေးမြို့ကနေထွက်ခွာမယ့် ခရီးသည် ၁၈ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့အတွက် အသွားအလာပိတ်လိုက်တာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက် ကိုတော့ မသိရသေးဘူးလို့ ကလေး-ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ ကားအသင်းဝင် တစ်ဦးက ပြောပါတယ်။
"မနေ့က နေ့ခင်းသုံးနာရီလောက်မှာ ပြောတာ။ မထသကနေတဆင့် အသွားအလာ ပိတ်တယ်ဆိုပြီး ပြောတာ။ ဗြုန်းစားကြီးပေါ့။ ခရီးသည်တွေ ရောင်းထားတာလည်း Cancel ပြန်လုပ်ရတာ”
ဒီလိုပိတ်လိုက်တာကြောင့် ကိုဗစ်ရောဂါစစ်ဆေးပြီးသူတွေ နေရပ်ပြန်ဖို့ခက်ခဲသွားတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းက ကိုဗစ်နဲ့ လူတစ်ထောင်ကျော် သေဆုံးခဲ့ပြီး အခုလည်း ကပ်ရောဂါ ကူးစက်မှုများလာမှာကို စိုးရိမ်တာကြောင့် ကိုဗစ်စည်းကမ်းတွေ လိုက်နာကြဖို့ လိုတယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောကြပါတယ်။