ကလေးမြို့တွင်း ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
2023.12.28
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က စစ်ဆေးမှု ပြုလုပ်နေစဉ် ဆိုင်ကယ်ရပ်မပေးတဲ့ အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့တာကြောင့် အဲဒီ အမျိုးသား သေဆုံးသွားပြီး နောက်ထပ် လမ်းသွားလမ်းလာနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ ပြည်သူ့ဆေးရုံအနီး ပစ်ခတ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်သားက အတွဲလိုက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူအပြင် ခြောက်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ တာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က စစ်ဆေးနေချိန်မှာ အမျိုးသားတစ်ယောက်က မရပ်တာပေါ့။ အဲဒါကြောင့် ပစ်တာ၊ အဲဒီအမျိုးသားက ပွဲချင်းပြီးပဲ။ စစ်ကောင်စီက ဆက်တိုက်အတွဲလိုက်ပစ်တာ။ ဘေးက အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦးလည်း ထိသွားတာ။ ကလေးလေးဆိုရင် လက်တစ်ဖက် ပြုတ်သွားတဲ့အနေအထားပေါ့၊ အမျိုးသမီးကတော့ ပေါင်ကို ထိသွားတယ်”
သေဆုံးသွားသူ အမျိုးသားရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရ သေးပါဘူး။ ဒဏ်ရာရခဲ့သူ နှစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကလေးမြို့မှာ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကောင်စီတပ်က စစ်ဆေးဂိတ်တွေနဲ့ ရှောင်တခင် ဂိတ်တွေ လုပ်ပြီး စစ်ဆေးနေတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ကလေးမြို့ အောင်ဇေယျရပ်ကွက်မှာ စစ်ကောင်စီတပ်က အိမ်ထောင်စုစာရင်း စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။