ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ရန်ဆုံးဖြတ်
2011.03.29

သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကချင်ပြည်တိုးတက်ရေးပါတီ ကေအက်စ်ပီပီ ဆိုပြီး တည်ထောင်ခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ လုပ်ကိုင်စရာ မရှိတဲ့အတွက် မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် အများဆုံး ရရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲ ဝင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက RFA ကို ပြောပါတယ်။
“ကျနော့အနေနဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးကို လုပ်ချင်တဲ့ ဆန္ဒရှိတယ် အဲဒါကြောင့်မို့ လက်တွေ့လုပ်နိုင်တဲ့ လုပ်ငန်းကို လုပ်ချင်တယ်ပေါ့။ ဒါမှလဲ တတ်နိုင်သလောက် တိုင်းပြုပြည်ပြု သယ်ပိုးချင်တယ်ဆိုတာကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ အရင်ဆုံးမှာ နည်းလမ်းရှာတဲ့ အခါကျတော့ အခုရှိထားပြီးသား ဦးဆောင်ပါတီဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ကျနော်က မြို့မိမြို့ဖအနေနဲ့ ပါဝင်ရပ်တည်သွားဖို့ ကျနော် ဆန္ဒရှိတာပါ။ ဒါကြောင့် အဖွဲ့ဝင်အနေနဲ့ ရပ်တည်နေပြီးတော့မှ ပါဝင်နိုင်ဖို့ လျှောက်ထားတာပါ။”
မြစ်ကြီးနားပြည်နယ် ကြံ့ခိုင်ရေးရုံးမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက လျှောက်လွှာတင်ထားတာ အခုအချိန်အထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ ပါတီဝင်ခွင့် လျှောက်လွှာတင်တဲ့အခါ သူတယောက်တည်း ဖြစ်ပြီး တခြားလူတွေ လျှောက်တယ် မလျှောက်ဘူးဆိုတာ မသိဘူးလို့လည်း သူကပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဖွဲ့ဝင်အဖြစ် လက်ခံသွားဖို့ ယုံကြည်ပါသလားလို့ ဒေါက်တာတူးဂျာကို ဆက်လက် မေးမြန်းကြည့်တဲ့အခါ ခုလို ဖြေကြားပါတယ်။
“လက်တွေ့ဖြစ်ပေါ်လာတဲ့အပေါ်မှာပဲ စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ ကျနော်ကတော့ သဘောရိုးပါ။ ရိုးရိုးသားပဲ နိုင်ငံရေးအခင်းအကျင်း တဒေါင့်တနေရာကနေ တတ်နိုင်သလောက် ပါဝင် လှုပ်ရှားချင်တဲ့ ဆန္ဒသဘောထားတွေ လုပ်ဆောင်သွားဖို့ပါ။ နိုင်ငံရေးဆိုတာ ကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးကို လုပ်ဆောင်နိုင်မှသာ နိုင်ငံရေးသမား ဆန္ဒပြည့်ဝနိုင်မှာလေ။ လက်တွေ့ မလုပ်ဆောင်နိုင်ပဲနဲ့တော့ အကျိုးမရှိနိုင်ဘူးလေ။”
တကယ်တော့ ဒေါက်တာတူးဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပါတီထောင်ခဲ့ပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို နဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိတာကြောင့် ပါတီမှတ်ပုံတင်ခွင့် မရခဲ့တာလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဒေါက်တာတူးဂျာက ဒီလို ပြောပါတယ်။
“ဒါတော့ သူတို့အယူအဆတွေပါဗျာ ကျနော်တို့လည်း အသေအချာ စဉ်းစားပြီးလုပ်တာပါ။ တကယ် ယတိပြတ် ဆုံးဖြတ်လို့ နုတ်ထွက်ခဲ့တာပါ။ နုတ်ထွက်ခဲ့ပြီး ဖြစ်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့အစည်းနဲ့ ကျနော်တို့က သက်ဆိုင်မှု မရှိတော့ပါဘူး။ ကျနော်က မြို့ပေါ် ဥပဒေဘောင်အတွင်း ရောက်လာပြီးတော့မှ ပြည်သူလူထုနဲ့ လက်တွဲပြီးတော့မှ ဥပဒေဘောင်အတွင်းမှာ လုပ်နိုင်တဲ့ နိုင်ငံရေး ကို လုပ်ဖို့ ဆုံးဖြတ်ပြီးတော့မှ လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကနေ ကျနော်လုပ်ချင်ပါတယ်။”
ဒေါက်တာတူးဂျာ ဦးဆောင် ထူထောင်ထားတဲ့ ကေအက်စ်ပီပီ ပါတီကတော့ လုပ်ငန်းလည်ပတ်မှုတွေ အားလုံး ရပ်ဆိုင်းလိုက်ရပြီ ဖြစ်ပြီး ဆက်လက် ရှင်သန်ဖို့ ကြိုးစားသွားတော့မှာ မဟုတ်ဘူးလို့လည်း ဒေါက်တာတူးဂျာက ပြောပါတယ်။