KIO ကချင်အဖွဲ့ စစ်ရေး ပြင်ဆင်
2010.09.21

KIO အနေနဲ့ စစ်ရေးအရ ပြင်ဆင်မှုတွေ လုပ်နေတာ စစ်အစိုးရက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စပြီး နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေး အဆိုပြုချိန်ကစပြီး ပြင်ဆင်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကေအိုင်အို အဖွဲ့တွေ သွားလာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုပြီး ကြပ်မတ်တာတွေ လုပ်လိုက်ချိန်မှာ KIO အနေနဲ့ ဒုတိယအဆင့် ပြင်ဆင်မှုတွေ လုပ်တာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီအစီအစဉ်အရ အရေးကြီး စာရွက်စာတမ်းတွေကို လက်ရှိဌာနချုပ် ဖြစ်တဲ့ လိုင်ဇာကနေ တရုတ် မြန်မာနယ်စပ် ဘာချောင်၊ လိုင်စင်တောင်အနီးကို ရွှေ့ပြောင်းခဲ့တာပါ။ လိုင်စင်ဒေသဟာ KIO အဖွဲ့ရဲ့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးမယူခင်က ဌာနချုပ်နေရာ ဖြစ်ပါတယ်။ စစ်အစိုးရရနဲ့ ၂၀၀၄ ခုနှစ် ငြိမ်းချမ်းရေးယူပြီး နောက်ဌာနချုပ်ကို မြန်မာပြည် အတွင်းပိုင်း ပိုကျတဲ့ လိုင်ဇာဒေသကို ပြောင်းခဲ့တာပါ။
KIO အရာရှိတဦက ခုလိုပြောပါတယ်။
“ဒီနေရာက အရေးအကြီးဆုံး အလုပ် ပြောတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလည်း သမိုင်းကြောင်းအရလည်း ကျွန်တော်တို့ရဲ့ ဌာနချုပ် လုပ်လာတဲ့ နေရာလေ။ ကျွန်တော်တို့က defense အနေအထားထက်၊ ထိပ်တိုက်ပေါ့ သုံးနေရာကို ရွေးပြီး လုပ်တာပဲ။”
ဒီအတောအတွင်းမှာပဲ့ ရွေးကောက်ပွဲပြီးပြီးချင်း လွှတ်တော် မဖွဲ့ခင် စစ်အစိုးရရဲ့ ပထမဆုံးပစ်မှတ်ဟာ KIO ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီပြောဆိုမှုကို စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်က ပြောပြီး နယ်စပ်ဒေသမှာ သတင်းဖြစ်နေပေမဲ့ KIO အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး စင်ဝါက မိမိတို့ မသိရှိကြောင်း ငြင်းဆိုပါတယ်။
စစ်အစိုးရက KIO ကချင်လွတ်မြောက်ရေးအဖွဲ့အပေါ်မှာ ပိုပြီးတင်းကျပ်မှုုတွေ လုပ်လာချိန်မှာ KIO အနေနဲ့လည်း မဟာဗျူဟာမြောက် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အဖွဲ့အနေနဲ့ တရားဝင်ထုတ် ဖော်ပြောဆိုခြင်း မရှိပဲ သမရိုးကျ အဖွဲ့ရဲ့ လှုပ်ရှားမှုသာ ဖြစ်တယ်လို့ အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဗန်ကောက်မြို့ရောက် RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။
![]() |
သတင်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန် |