ပိတ်မိပြည်သူတွေအရေး ဆန္ဒပြလ့ို တရားစွဲဆိုတဲ့အမှု တရားလိုကိုစစ်ဆေး


2018.05.28
kachin-public-youth-demostration-movement-622.jpg ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေ ထဲက ၃ ဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။

တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး က တပ်မတော်အရာရှိ တစ်စုံတစ်ဦးက စေခိုင်းတာမဟုတ်ဘဲ မိမိသဘောဆန္ဒအလျှောက် တရားစွဲဆိုတာလို့ ဒီနေ့ တရားခွင်မှာ ထွက်ဆိုသွားကြောင်း တရားစွဲခံရသူ နှစ်ဦးရဲ့ ရှေ့နေ ဦမုံးဆိုင်းတူး က ပြောပါတယ်။

"တပ်မတော်က ဘယ်သူမှ စေခိုင်းတာ၊ ညွှန်ကြားတာ၊ အမိန့် တစ်စုံတရာမရှိဘူးလို့ သူကတော့ ထွက်သွား ပြီးပြီ။ အဲတော့ သူ့အနေနဲ့ စွဲတာလို့ထွက်တယ်ပေါ့၊ အထက်က ညွှန်ကြားချက်အမိန့်တွေမပါဘူးဆိုရင် သူတို့တပ် မတော်နဲ့ မပတ်သက်ဘဲ တပ်မတော်ကို ပုတ်ခတ်ပြောဆိုတယ်၊ စွပ်စွဲတယ်ပေါ့"

တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက ဒီနေ့ တရားရုံးမှာ တရားလိုပြသက်သေ ၄ ဦးတင်သွင်းခဲ့ပြီး သက်သေ လေးဦးအနက် နှစ်ဦးက တပ်မတော်သားတွေဖြစ်ပြီး နှစ်ဦးက အရပ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

တရားစွဲခံရသူ ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းတို့အတွက် တရားလွှတ်တော်ရှေ့နေ ဦးမုံးဆိုင်းတူးက လိုက်လံ ဆောင်ရွက်ပေးပြီး တရားစွဲခံထားရသူ ဒေါ်နန်ပူအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက လိုက်ပါ ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။

တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို ဆက်လက်စစ်ဆေးဖို့အတွက် လာမယ့်ဇွန်လ ၄ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပြီး အဲဒီရုံးချိန်းမတိုင်ခင် ရှေ့နေ ဦးမုံးဆိုင်းတူးက သူ့အမှုသည် နှစ်ယောက်အတွက် အသေရေဖျက်မှုဆိုတဲ့ စွဲဆိုချက်ကို ပယ်ဖျက်ပေးဖို့ ပြည်နယ် တရားလွှတ်တော်ရုံးကို တင်ပြသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။