ကချင်ဒေသခံပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်မြို့မှာကျင်းပ
2013.01.10

ကချင်ပြည်နယ်အတွင်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ သုံးတဲ့လက်နက်တန်ဖိုးတွေဟာ ကချင်ပြည်နယ်က ဒေသခံ ကလေးငယ်တွေရဲ့ နို့မှုန့်ဖိုးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဆေးကုမယ့်ငွေတွေကို ဖြုန်းတီးသလို ခံစားရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။
"ဒီစစ်ပွဲတွေက ကလေးတွေ နှို့မှုန့်ဖိုးထဲက ယူသွားပြီးတော့ လက်နက်တွေ ဝယ်ပြီးတော့ ပစ်နေကြတယ်လို့ ကျွန်တော်ခံစားရတယ်။လူကြီးတွေ ဆေးကုမယ့် ပိုက်ဆံတွေကို တစ်ဖက်နဲ့တစ်ဖက် တစ်ချက်၊တစ်ချက် ပစ်ရင် သိန်းသုံး၊လေးဆယ် တန်တဲ့ ဟောင်ဝစ်ဇာ အမြှောက်တွေ ပစ်နေကြတယ်။တစ်ချက်ကို သိန်းသုံးလေးဆယ် တန်တာပါ။"
ဒီကနေ့အခမ်းအနားမှာ ငြိမ်းချမ်းရေးမေတ္တာပို့သ အမှာစကားမိန့်ကြားပေးဖို့အတွက် ဆရာတော် အရှင်ဆန္ဒာဓိကလည်း တက်ရောက်ခဲ့ပြီး အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ (၅၀၀)ခန့် တက်ရောက်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဒေသခံတွေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ကချင်ဒေသက အပစ်အခတ်အခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ မအူပင် ပျိုးခင်းသစ် လူငယ်အဖွဲ့က ကိုထိုက်ထိုက်ကလည်း သူ့ရဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောကြားခဲ့ပြီး လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ကလည်း ကချင်ပြည်နယ်က ပြည်သူတွေအတွက် မဇ္ဇိမလှိုင်းဦးရဲလွင်နဲ့ ကိုမင်းကိုနိုင်တို့ ရေးစပ်ထားတဲ့ အတ္တဖြုတ်ချ၊ ယုံကြည်သော မနက်ဖြန်အစ ရှိတဲ့ သီချင်း ၄ပုဒ်ကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။