ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း
2012.07.24

အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအဝင် သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က အခုလို စုံစမ်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။
"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင် အခုထက်ထိ ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "
မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။