ကချင်အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရမှု ကုလသမဂ္ဂထံ တင်ပြမည်


2015.01.22
kachin-teachers-620.jpg ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ
.

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေး ရွာမှာ ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုကို ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြသွားမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူက ပြော ပါတယ်။

မှုခင်းစစ်ဆရာဝန်ရဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ ကောင်းခါး ရွာသားတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး တင်ပြ သွားမှာဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။

"ဆေးလက်မှတ်ရယ်၊ နောက်ရွာက ရွာသားတွေက ရဲလာစစ်ရင် သူတို့မပြောရဲဘူး၊ ကျနော်တို့မေးရင်တော့ သူတို့ပြောပြတယ်၊ အဲ့သက်သေခံတွေနဲ့ ကျနော်တို့ လုပ်သွားမှာဖြစ်တယ်၊ ကျနော်တို့က International ပေါ့၊ War Crime ဘက်ကို ကျနော်တို့ကသွားချင်တာ၊ ကျနော်တို့ သက်ဆိုင်ရာ လူ့အခွင့်အရေး တို့ နောက် UN တို့အားလုံးကို တင်ပြဖို့လုပ်တော့မယ်၊ ပြည်တွင်းမှာတော့ မလုပ်တော့ဘူး၊ ပြည်တွင်းမှာ မူဆယ်ကလုပ်တာတောင်မှ ဘာမှအဖြေမထွက်ဘူးဖြစ်နေတယ်၊ ကာယကံရှင်နှစ်ယောက်က သေဆုံးသွားပြီ ဆိုတော့ ဘယ်သူမှမသိတော့ဘူးလေ၊ ဘယ်သူမှမသိတော့လို့ အဲ့မှာစစ်ကြောင်းပဲရှိနေတော့ စစ်ကြောင်းကတော့ သူတို့မဟုတ်ရပါဘူးဆိုပြီးတော့ ပြောပြီးငြင်းတာပေါ့နော်"

သေဆုံးသွားတဲ့ ကျောင်းဆရာမနှစ်ဦးရဲ့လက်မှာ ဆံပင်အရှည်ကို စစ်ဆေးတွေ့ရှိထားတာကြောင့် တရားခံဟာ စစ်သားတွေမဟုတ်နိုင်ကြောင်း မူဆယ်ခရိုင် မှုခင်းရဲတပ်ဖွဲ့က ယူဆနေကြပါတယ်။

မျိုးရိုးဗီဇခေါ် DNA စစ်ဆေးဖို့အတွက် ရွာသားတွေနဲ့ ရွာအနီးမှာရှိတဲ့ ခမရ ၅၀၃ တပ်က စစ်သားတွေရဲ့ ဆံပင်တွေကို မှုခင်းရဲတပ်ဖွဲ့က မနေ့က ယူဆောင်သွားပါတယ်။

ဒီအတောအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာမနှစ်ဦးအတွက် ဆုတောင်းပွဲကို မြစ်ကြီးနားမြို့မှာ မြို့ခံတစ်ထောင်နီးပါးနဲ့ ဒီနေ့ကျင်းပကြပါတယ်။

ဆရာမနှစ်ဦးအတွက် မြို့ထဲမှာလှည့်လည်ပြီး ဆုတောင်းခဲ့သလို ဘာသာရေးစော်ကားမှုတွေ လူမျိုးရေး စော်ကားမှုတွေ ရပ်တန့်ဖို့လည်း ဆုတောင်းခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် လူငယ်ဌာနရဲ့ သဘာပတိဆရာ ဒေးဗစ်ရမ်ကာက ပြောပါတယ်။

"ဆုတောင်းတဲ့အစီအစဉ်လုပ်တယ်၊ ပြီးတော့ ဖြစ်သွားတဲ့ဖြစ်စဉ်တွေကို ကျနော်တို့ ပြောကြားတဲ့အစီအစဉ်လုပ် တယ်၊ ပြီးတော့ ဒုတိယပိုင်းအနေနဲ့ ဆိုင်းပုဒ်စာတန်းတွေကိုင်တယ်၊ ဆိုင်ကယ်၊ ကားနဲ့ တန်းစီလှည့်လည်တယ်၊ အလောင်းကတော့ မူဆယ်ကနေ ဒီအထိကိုသယ်လာပြီ"

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကောင်းခါးကျေးရွာမှာ စာသင်ကြားဖို့ စေလွှတ်ထား တဲ့ ကျောင်းဆရာမ နှစ်ဦးဟာ ဒီလ ၁၉ ရက်နေ့ညက သူတို့နေထိုင်တဲ့ တဲအိမ်အတွင်းမှာ အသတ်ခံရတာဖြစ် ပါတယ်။ သေဆုံးသွားတဲ့ ကချင်လူမျိုးဆရာမနှစ်ဦးကို မြစ်ကြီးနားမြို့မှာ မနက်ဖြန်မြေမြုပ်သဂြိုၤဟ်မှာဖြစ်ပြီး ဆုတောင်းပွဲလည်း ကျင်းပသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။