တရားမဝင် ကျောက်စိမ်း သယ်ယူမှုမှာ ပါဝင်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အရေးယူမည်
2016.10.29

ပြီးခဲ့တဲ့နှစ်လအတွင်း တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်နိုင်ငံဘက် တရားမဝင်သယ်ယူမယ့် ကျောက်စိမ်း အရိုင်းတုံးတန်ချိန် ၅ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သယ်ယူမှုမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က စိစစ်နေပါတယ်။
တရားမဝင်ကျောက်စိမ်းသယ်ယူမှုမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖဲ့ွ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။
"၂ လတာကာလအတွင်း အထုပ်ပေါင်း ၁၃၈၃နဲ့ အလေးချိန်ပေါင်း ၅၂၆၁၉.၂၅ ကီလိုဂရမ်ကို ကျနော်တို့ ဖမ်းဆီးဖော်ထုတ် အရေးယူနိုင် ခဲ့ပြီးဖြစ်ပါတယ်၊ တန်အားဖြင့်ကတော့ ကျနော်တို့ ၅၂.၆၁၉ တန်ဖြစ်ပါတယ်၊ တရားမဝင်သယ်ဆောင်မှုမှာ ပါဝင်ပတ်သက်တဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကို ကျနော်တို့ဖော်ထုတ်ပြီးအရေးယူဆောင်ရွက်သွားမယ့်အကြောင်းလည်း ကျနော်ပြောလိုပါတယ်"
ပြီးခဲ့တဲ့နှစ်လအတွင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကနေတဆင့် ကျောက်စိမ်းအရိုင်းတုံးတွေကို တရုတ်ပြည်ဘက် သယ်ယူဖို့ကြိုးစားချိန်မှာ လေးကြိမ်ဖမ်းဆီးရမိခဲ့တဲ့ တန်ချိန် စုစုပေါင်း ၅ဝကျော် ရှိတာဖြစ် ပါတယ်။ လတ်တလောမှာ ယာဉ်မောင်းသမားတွေကို ဖမ်းဆီးထားပြီး ပိုင်ရှင်တွေက လွတ်မြောက်နေ ဆဲဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံဘက်တရားမဝင် တင်ပို့မယ့် ကျောက်စိမ်း တန်ချိန်လေးဆယ်ကျော်ကို ဖမ်းဆီးရမိမှုဟာ အများဆုံးဖြစ်ပါတယ်။
အဲဒီလို ဖမ်းမိနိုင်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးခေါင်းဆောင် ရဲအုပ်နဲ့အဖွဲ့ဟာ လျှို့ဝှက်သတင်းရယူပြီး ဝိုင်းမော်မြို့နယ်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ဖားကန့် ကနေ မြစ်ကြီးနားဘက် ကျောက်စိမ်းအရိုင်းတုံးသယ်ယူဖို့ ကုမ္ပဏီတချို့ကို ဝန်ကြီးချုပ် ကိုယ်စားလက်မှတ်ရေး ထိုးပြီး ခွင့်ပြုပေးခဲ့တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ယာဉ်စက်ယန္တရားတွေ တရားမဝင်သယ်ယူရာမှာ ပါဝင်ပတ်သက်လို့ဆိုပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးကို ရာထူးကနေ ဖယ်ရှားခဲ့ဖူးပါတယ်။