ကျောက်စိမ်းအရိုင်းတုံး တန် ၃၀ ကျော် တရားမဝင် သယ်လာသူတွေကို အမှုဖွင့်
2017.02.27

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တရားမဝင် ကျောက်စိမ်းအရိုင်းတုံး အလေးချိန် ကီလိုဂရမ် ၃သောင်းကျော်(တန် ၃၀ ကျော်) ဖမ်းဆီးရမိမှုနဲ့ သယ်ဆောင်လာသူ ၂၀ ကျော်ကို အမှုဖွင့်ထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။
တရားမဝင် ကျောက်စိမ်းအရိုင်းတုံးသယ်ဆောင်လို့ ဖမ်းဆီးရမိသူ အယောက် ၂၀ ကျော်ကို ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ ( က ) နဲ့ အမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။
"ကားအပေါ်မှာ တရားဝင် အခွန်ဆောင်ပြီးသား ကျောက်တွေလည်းပါတယ်၊ အဲဒီကျောက်တွေရဲ့အောက်ထဲမှာမှ တရားမဝင်အံဝှက်တွေထည့်ပြီး တရားမဝင်သယ်လာတာ၊ မိုးညှင်းမြို့မရဲစခန်းမှာ တရားမဝင် ကျောက်မျက် သယ်ဆောင်မှု ပုဒ်မ ၄၂(က)နဲ့ စွဲထားပါတယ်"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖားကန့်ဘက်ကနေ အခွန်ဆောင်ပြီး သယ်ယူလာတဲ့ ကျောက်စိမ်း ကား ၉ စီးရဲ့ အောက်ခင်းကြမ်းပြင်မှာ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးတွေကို ဝှက်ပြီး သယ်ဆောင်လာချိန်မှာ မိုးညှင်းမြို့က နယ်မြေခံတပ်မတော် နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးရမိပြီးနောက် အုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော်၊ ရဲတပ်ဖွဲ့ နဲ့ ကျောက်မျက် ဝန်ထမ်းတွေက အလေးချိန်၊ အရည်အသွေး စတာတွေကို စစ်ဆေးနေ တာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ တရားမဝင်ကျောက်စိမ်းသယ်ယူလို့ မကြာခဏ ဖမ်းဆီးရမိမှုတွေရှိနေရာမှာ အများစုဟာ တရုတ်ပြည်ဘက် နည်းလမ်းမျိုးစုံ နဲ့ မှောင်ခို သယ်ထုတ်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့က တဆင့် တရုတ်ပြည်ဘက် တရားမဝင်သယ်ဆောင်မယ့် ကျောက်စိမ်း အရိုင်းတုံး တန်ချိန် လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။