၁ နှစ်ကျော်အတွင်း တရားမဝင် ကျောက်စိမ်းအရိုင်းတုံး သယ်ဆောင်သူ ၁၅ဝ ကို အမှုဖွင့်အရေးယူထား
2017.03.11

ပြီးခဲ့တဲ့နှစ်ကနေ ဒီနှစ် မတ်လဆန်းအထိ တရားမဝင် ကျောက်စိမ်းအရိုင်းတုံး ပိဿာချိန် လေးသောင်းကျော် ဖမ်းဆီး ရမိခဲ့ပြီး လူ အယောက် ၁၅၀ ကို ကျောက်မျက်ဥပဒေနဲ့ အရေးယူထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။
၁ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၆၀ ကျော်ရှိပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။
"၂၀၁၆ ခုနှစ်အတွင်းမှာဆိုရင် တရားမဝင်ကျောက်မျက်တွေသယ်ဆောင်တဲ့ စုစုပေါင်းအမှုပေါင်းက ၄၅ မှုရှိပါတယ်၊ သိမ်းဆည်းရမိတဲ့ပိဿာချိန် ၂ သောင်း ၁ ထောင်ကျော်ရှိပါတယ်၊ ၂၀၁၇ လက်ရှိချိန်ထိ ၁၈ မှု၊ ပိဿာ ၂ သောင်း ၁ ထောင်ကျော်လောက်ဖမ်းဆီးရမိပါတယ်၊ စုစုပေါင်း ပိဿာချိန် ၄ သောင်းကျော်လောက်ရှိပါတယ်"
ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ တရားမဝင် သယ်ဆောင်လာသူတွေကို ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း ၊ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့မြို့နယ်တွေနဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ် စတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှာ အများဆုံးဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးရမိသူတွေကို ကျောက်မျက်ဥပဒေ ပုဒ်မ ၃၉ နဲ့ ပုဒ်မ ၄၂ တွေအရ အမှုဖွင့်အရေးယူလေ့ရှိပြီး အများစုဟာ တရုတ်ပြည်ဘက် မှောင်ခိုသယ်ယူချိန်မှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။