ကျောက်စိမ်းအရိုင်းတုံး ၆၀၀ ကျော် ဖမ်းမိ
2018.06.27

မန္တလေးကတဆင့် တရုတ်ပြည်ကို တင်ပို့ရောင်းချမယ့် ကျောက်စိမ်းအရိုင်းတုံး ၆၀၀ ကျော်ကို ကျောက်မဲတိုးဂိတ်မှာ ဒီနေ့ မနက်က ဖမ်းဆီးရမိခဲ့ပါတယ်။
မန္တလေး-မူဆယ် ခရီးသည်တင်ယာဉ်တစ်စီးကို ကျောက်မဲတိုးဂိတ်မှာ ဒီနေ့ မနက် ၃ နာရီ ဝန်းကျင်က စစ်ဆေးရာမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျောက်မဲ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။
"မန္တလေးနဲ့ မူဆယ်နဲ့ သွားနေတဲ့ ခရီးသည်တင် မှန်လုံကား အဲ့ဒါက ရှမ်းမင်းသားပေါ့နော်၊ ရှမ်းမင်းသား ကားထဲ မှာ ကျနော်တို့ တိုးဂိတ်မှာ ပိတ်ဆို့ ရှာဖွေလုပ်ရင်းနဲ့တွေ့တာပါ"
အဲဒီကျောက်စိမ်းတုံးတွေကို ရာဖြတ်အဖွဲ့ထံ ပို့ပြီး တန်ဖိုးဖြတ်သွားမှာဖြစ်ပြီး လတ်တလောမှာ တန်ဖိုးကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ကျောက်မဲမြို့မ စခန်းမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။
စစ်ဆေးတွေ့ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး ၆၀၃ တုံးဟာ ကီလိုဂရမ် ၁၃၀၀ ကျော်ရှိပြီး ကျောက်စိမ်းပိုင်ရှင်ဖြစ်သူက မန္တလေးက ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကျောက်စိမ်းတင်ပို့တဲ့ ပိုင်ရှင်ဖြစ်သူနဲ့ ယာဉ်တာဝန်ခံကို ကျောက်မျက်အက်ဥပဒေ ပုဒ်မ ၄၂ (က) နဲ့ ကျောက်မဲမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။
ဒီတစ်နှစ်အတွင်း ကျောက်မဲမြို့မှာ ကျောက်စိမ်းအရိုင်းတုံး ၆၀၀ ကျော် ဖမ်းဆီးရမိတဲ့ အခု ဖြစ်စဉ်ဟာ ဒုတိယ အကြိမ် ဖြစ်ပြီး ပထမအကြိမ်တုံးက ကျောက်စိမ်းအရိုင်းတုံး ၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်မဲမြို့မ စခန်းမှူး က ပြောပါတယ်။