ကချင်ပြည်နယ်မှာ မိုးကြီး၊ စိုက်ခင်းဧက ၂ဝဝဝ ကျော်ပျက်စီး


2015.01.11

ကချင်ပြည်နယ် မြို့အတော်များများမှာ ဒီလ ၈ ရက်နေ့ကစပြီး မိုးကြီးနေတာကြောင့် ဗန်းမော်မြို့နယ်က စိုက်ခင်း ဧက နှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မိုးကြီးတဲ့အပြင် မိုးသီးတွေလည်း ကြွေကျခဲ့တာကြောင့် ဗန်းမော်မြို့နယ် နောင်ကာ၊ ကောင်းဆင့်၊ မန်မလင်း၊ ရေလဲ စ တဲ့ကျေးရွာ (၇) ရွာက ဒေသခံတွေရဲ့ သီးနှံစိုက်ခင်း ဧကနှစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့ နောင်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

" အားလုံးစုစုပေါင်းဆိုရင် ခန့်မှန်းခြေ ဧက ၂၀၀၀ကျော်၊ ၃၀၀၀ နီးပါးလောက်ရှိမယ်လို့ ကျနော်ခန့်မှန်း တယ်၊ လုံးဝကိုပြန်မရနိုင်တဲ့ အနေအထားဖြစ်သွားပါပြီ၊ နောင်ကာ၊ သပြေကုန်း၊ ရေလဲရွာဆို ၇ ရွာလောက် ပါတယ်ဗျ၊ ကျနော်တို့က ဒီနှစ်ပြောင်းလဲ စိုက်ထားတော့၊ သီးနှံတွေ ပျက်စီးတော့ တောင်သူတွေ တော်တော် ကြီးခံစားရပါတယ်ဗျ၊ စိုက်ပျိုးရေးဆိုင်မှာပဲ ကျနော်တို့ရင်းနှီးရပြီး ဆေးတွေယူပြီးတော့ ကျနော်တို့စိုက်ထား တာပါ"

ပျက်စီးသွားတဲ့ ဧက နှစ်ထောင်ကျော်မှာ မြေပဲ၊ အာလူး၊ ပြောင်းနဲ့ မုန်ညှင်းတွေ စိုက်ပျိုး ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့နယ်က ဆင်ဘို၊ စံကင်း စတဲ့ ကျေးရွာတွေမှာလည်း မိုးသီးကြွေကျ တာကြောင့် ပြောင်းနဲ့ မုန်ညင်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဒီလ ၈ ရက်နေ့ကစပြီး ဒီနေ့အထိ မိုးကြီးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။