ဖားကန့်မြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေ၊ ၁၀ ကျော်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် သောင်းကော့ကျေးရွာ ဘောလုံးကွင်းနားမှာ နိုဝင်ဘာလ ၂၃ ရက် မနေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သောင်းကော့ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး နောက်ထပ် လူ ဆယ်ယောက်ကျော် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် နေအိမ် သုံးလုံးလည်း မီးလောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်က ၃ အိမ်ထိပြီး မီးလောင်သွားတယ်။ ဒဏ်ရာရတဲ့သူတွေ ၁၀ ယောက်ကျော် ရှိတယ်။ တချို့ကိုတော့ ဆေးရုံကို ခေါ်သွားတာတွေလည်းရှိတယ်။ ဒဏ်ရာမပြင်းထန်တဲ့သူတွေကိုတော့ ဒီမှာပဲကုနေတယ်။ တစ်ယောက်ကတော့ သေသွားတယ်။ သူက အမျိုးသား အသက် ၃၀ ကျော် အရွယ်လောက်ပဲ။ ပြည်သူတွေ ဆိပ်မူ၊ မှော်ရှန်ကျေးရွာ တွေဘက်ကို စစ်ရှောင်နေကြတယ်။ တချို့က မိုးညှင်းဘက်ပြန်သွားတဲ့ သူတွေလည်း ရှိတယ်”
အဲဒီတိုက်ပွဲကြောင့် သောင်းကော့၊ ကောင်ဆန်၊ ကရင်ဂျောင်၊ ဝှေခါ စတဲ့ကျေးရွာ တွေက ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကောင်ဆန်၊ ကရင်ဂျောင်၊ သောင်းကော့၊ စဘော့ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေသလို ကျေးရွာတွေထဲလည်း သွားလာနေတဲ့အတွက် ပြည်သူတွေက တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်သားတွေ စီးလာတဲ့ကားတစ်စီးကို ကရင်ဂျောင်ကျေးရွာ တံတားနားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားမောင်းသူ သေဆုံးသွားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KIO ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ The Kachinnet မှာ မနေ့က ရေးသားထားပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို The Kachinnet က ဖော်ပြထားတဲ့ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဖားကန့်မှာ မနေ့က စပြီး တိုက်ပွဲတွေဖြစ်ပွားနေပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေက နေ့တိုင်းလိုလို လက်နက်ကြီးတွေ ပစ်ခတ်နေတာ နှစ်ပတ်ခန့်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ် ကာမိုင်းမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာလည်း ဒီနေ့ နေ့လယ်က ပါဆယ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဝန်ထမ်း နှစ်ယောက်ဒဏ်ရာရရှိသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။