တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို လွှတ်ပေးဖို့ သပိတ်စခန်းဖွင့် တောင်းဆိုမည်


2018.04.29
tanaing-refugees-622.jpg တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ တနိုင်းမြို့နယ်က ရွာသားတွေကို တွေ့ရစဉ်
Photo: Hkun Awng Nlam Facebook

ကချင်ပြည်နယ်မှာ ကေအိုင်အေ နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေအတွင်း ပိတ်မိနေသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဆန္ဒပြတောင်းဆိုပြီး သပိတ်စခန်းဖွင့်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

မနက်ဖြန် မနက်ပိုင်းမှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြပြီးနောက် သပိတ်စခန်းဖွင့်သွားမှာ ဖြစ်တယ်လို့ "ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဒေါ်နန်ပူ က ပြောပါတယ်။

"ကချင်ပြည်နယ်မှာ နေရာဒေသတိုင်းမှာလိုလို စစ်ပွဲဖြစ်နေတယ်၊ အဲဒီစစ်ပွဲဖြစ်တဲ့နေရာမှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို စစ်ပွဲရဲ့ ဓါးစားခံအဖြစ် ပိတ်ထားတဲ့နေရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ အဲဒါ ကျမတို့ ရည်ရွယ် ချက်၊ မနက်ဖြန် လမ်းလျှောက်ဆန္ဒပြမယ်၊ ညနေကိုတော့ သပိတ်စခန်းစမယ်၊ အဲဒါကိုတော့ အံတော်ရှင် ဘုန်းကြီးကျောင်းရှေ့မှာ ၂ ပတ် မေ ၁ ကနေ မေ ၁၄ အထိ သပိတ်စခန်းလုပ်မယ်"

လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ လူအင်အား ၅ ထောင်လောက် ပါဝင်မယ်လို့ ခန့်မှန်းထားပြီး ကချင်လူငယ် ၃၀၀ လောက်နဲ့ သပိတ်စခန်းဖွင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကချင်အရပ်ဖက်အဖွဲ့အစည်း အားလုံးပူးပေါင်းပြီး ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီကို ဖွဲ့စည်းကာ မနက်ဖြန်ဆန္ဒပြပွဲကို အဲဒီကော်မတီက ဦးဆောင်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း နေရာအတော်များများမှာ ဒီလပိုင်းအတွင်း တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အင်ဂျန်းယန်ဒေသဘက်မှာ တိုက်ပွဲတွေကြောင့် မြစ်ကြီးနာမြို့ကို ထွက်ပြေးလာတဲ့ ဒေသခံတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗျူဟာမှူးက မနေ့က သွားရောက်တွေ့ဆုံခဲ့ပြီး တပ်မတော်ဘက်က ပြည်သူတွေကို အသိပေး ကြေညာချက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလအတွင်း ကေအိုင်အေ အခြေပြုနေရာတွေဖြစ်တဲ့ ဖားကန့်မြို့နယ် မံဝယ်ဒေသကို တပ်မတော်က နယ်မြေရှင်းလင်း သိမ်းပိုက် ခဲ့ပြီး အောင်လေဒ့်ဒေသ၊ ကဆုန်းဒေသနဲ့ အင်ဂျန်းယန်ဒေသတွေမှာ တပ်မတော်က ဆက်လက်နယ်မြေရှင်းလင်းနေ တယ်လို့ အဲဒီလက်ကမ်းစာစောင်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ဟူးကောင်း၊ တနိုင်း၊ အောင်လော့ဒ် ဒေသဘက်မှာ ဒေသခံတွေ ထောင်နဲ့ချီ တောတောင် တွေထဲမှာ ပုန်းအောင်းခိုလှုံနေကြသူတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။