ကချင်စစ်ပြေး ဒုက္ခသည်တွေ ပြန်ဖို့ တရုတ် အာဏာပိုင်တွေပြောဆို
2011.12.10

လာရောက်တဲ့ တရုတ်အာဏာပိုင် လေးဦး ဖြစ်ပြီး ‘လာရင်း’ နယ်က အာဏာပိုင်တွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်းက မြန်မာပြည် လွယ်ဂျယ်ဘက်က အာဏာပိုင်တွေနဲ့ တရုတ်အာဏာပိုင်တွေ ညှိနှိုင်း အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီးနောက် ခုလို လာရောက် ပြောဆိုတာ ဖြစ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ ကချင်လူမှုရေးအဖွဲ့ တာဝန်ခံ ဒေါ်မိုင်းဂျားက ပြောပါတယ်။
“အဲဒီနား ဝန်းကျင်မှာ တိုက်ပွဲမဖြစ်သေးတဲ့အတွက် လွယ်ဂျယ်ဘက်ကို ပြန်ပါပေါ့။ လွယ်ဂျယ်မှာလည်း ဗမာ အာဏာပိုင်တွေက ဘယ်နားမှာ နေရာချထားမယ်ဆိုတာ လုပ်ထားပြီ ပြန်ကြလို့ ပြောတယ်။ ရွာသားတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ၃ ဘက်စလုံးက တိုက်ပွဲမဖြစ်ဘူးလို့ အာမခံတယ်ဆိုရင် ပြန်ရဲတယ်ပေါ့။ ဒီလိုမဟုတ်ဘဲ ဒီအတိုင်း သွားနေပါဆိုရင်တော့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် မပြန်ရဲဘူး၊ အရေးယူရင်လည်း ခံမယ်လို့ ပြောကြပါတယ်”
မြန်မာပြည် လွယ်ဂျယ်နဲ့ မျက်နှာချင်းဆိုင် တရုတ်ပြည် ‘လာရင်း’ မှာ မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ ထောင်လောက် ရှိနေပါတယ်။ အများစုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်က ပြေးလာသူတွေ ဖြစ်ပြီး တချို့ဆိုရင် တရုတ်ပြည်ကို ရောက်နေတာ ၆ လ ကျော်နေပြီလို့ ဆိုပါတယ်။
ဒုက္ခသည်တွေဟာ တရုတ်ပြည်ဘက်မှာ ရှိနေတဲ့ ဆွေမျိုးသားချင်းတွေ အကူအညီနဲ့ နေရာ လေးငါးနေရာမှာ တဲတန်းရှည်တွေ ထိုးပြီး နေထိုင်နေတာပါ။ သူတို့ စားရေးသောက်ရေးအတွက် ကချင်လူမှုရေးအဖွဲ့တွေနဲ့ ဒေသခံတွေက အကူအညီ ပေးနေပါတယ်။
ခန့်မှန်းချက်အရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ ကချင်နဲ့ ရှမ်း တိုင်းရင်းသား စုစုပေါင်း ၄ သောင်း ၃ ထောင်ကျော် ရှိနေပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာကြောင့် ဒုက္ခသည် အရေအတွက် တိုးလာနေတယ်လို့လည်း သိရပါတယ်။
တရုတ်ပြည်ဘက်ကို ရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တဦးနဲ့ ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |