ကချင်ဒေသမှာ မြေရှားသတ္တုတူးဖော်မှုတွေရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
2023.04.13

ကချင်ပြည် ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေက အင်ဘာပါ၊ ဒိန်ဆိန်းဘွမ်၊ ခပရာ ကျေးရွာတွေမှာ မြေရှားသတ္တု တူးဖော်မဲ့ လုပ်ငန်းတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းတွေက ဧပြီလ ၁၃ ရက် ဒီနေ့ သဘောထား ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
KIO ထိန်းချုပ်နယ်မြေ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ဒေသခံ ပြည်သူလူထုတွေကို ကြိုတင်ညှိနှိုင်း ဆွေးနွေးတာမရှိဘဲ မြေရှားသတ္တုတူးဖော်နေတာ နှစ်အတော်ကြာနေပြီ ဖြစ်ပြီး ဆက်လက်ပြီးတော့လည်း တူးဖော်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပါရှိပါတယ်။
ဒေသခံပြည်သူတွေရဲ့ အသံတွေ မပါဘဲ လုပ်ဆောင်နေမှုတွေကို ရပ်တန့်ပေးဖို့အတွက် ရည်ရွယ်ပြီး ဒီနေ့ထုတ်ပြန် တောင်းဆိုတာလို့ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်း များရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောတယ်။
“အင်းခေါင်ပါ၊ ဒိန်ဆိန်းပါ၊ အင်ဘာပါမှာ နေထိုင်တဲ့ပြည်သူတွေကို သက်ဆိုင်တဲ့ အာဏာပိုင် KIO နဲ့ လုပ်ငန်းရှင် တွေနဲ့လည်း အကြိမ်ကြိမ်ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်။ သို့သော်လည်း သက်ဆိုင်ရာ အဏာပိုင်အဖွဲ့အစည်းတွေက လုပ်ငန်းရှင်တွေက ဒေသခံတွေရဲ့ အသံတွေကို နားမထောင်ဘဲ ဆက်ပြီးတော့ လုပ်ဆောင်နေတယ်။ အဲတော့ ဒေသခံတွေနဲ့ တစ်သားတည်း ဒေသခံတွေရဲ့ အသံတွေ၊ သူတို့ ရဲ့သဘောဆန္ဒ မပါဘဲ လုပ်ဆောင်မှုကို ရပ်တန့်ပေးဖို့အတွက် ကျနော်တို့ ရည်ရွယ်တာ ဖြစ်ပါတယ်”
မြေရှားသတ္တု တူးဖော်မှုကြောင့် တောတောင်တွေ ပျက်စီးသလို ချောင်းတွေလည်း အကုန်ပျက်စီးသွားပြီလို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်နဲ့ သမိုင်းဝင်အမွေအနှစ်မြေနေရာတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေသလို ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေးကို ခြိမ်းခြောက် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သဘာဝသယံဇာတတွေကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှော့ချပြီး ဒေသခံလူထု ရဲ့ ဖွံ့ဖြိုးရေးနဲ့ ရေရှည်တည်တံ့တဲ့ သယံဇာတအပေါ်မှီခိုမှုကင်းတဲ့ စီးပွားရေးစနစ်တွေကို နည်းလမ်းရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ် အင်ဘာပါ ကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီက မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က သွားရောက်ပြီး ဖျက်ဆီး ခဲ့ကြပါတယ်။
အဲဒီဒေသမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကစလို့ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်လာတာဖြစ်ပြီး ဒေသခံတွေကလည်း အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြခဲ့သလို KIO ကိုလည်း စာတင်ပြခဲ့တာတွေ လည်း ရှိခဲ့ပါတယ်။
KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှုးကြီးနော်ဘူက သူတို့ ထိန်းချုပ်နယ်မြေတွေမှာ မြေရှားသတ္တု တူးဖော်ခွင့်လက်မှတ် ထုတ်ပေးတာမရှိဘဲ စမ်းသပ်ခွင့်ပေးထားတာ ဖြစ်တယ် လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက RFA ကို ပြောဆိုထားပါတယ်။
လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရ KIO ထိန်းချုပ်နယ်မြေ အင်ခေါင်ပါ စစ်ဘေးဒုက္ခသည်စခန်း အနီးတစ်ဝိုက်မှာလည်း မြေရှားသတ္တု တူးဖော်နေတဲ့ ကုမ္ပဏီ အနည်းဆုံး ခြောက်ခုရှိပြီး သတ္တုတူးဖော်တဲ့ လုပ်ကွက် ၁၅ ခုလောက်ရှိပါတယ်။